DVB Logo
Home
Lead Story
“ဗိုလ်အောင်ဒင်” သီချင်းရှင် မနောနှင့် ဒီဗွီဘီမေးမြန်းချက် (ရုပ်သံ)
DVB
·
November 16, 2016
“ဗိုလ်အောင်ဒင်” သီချင်းရှင် မနောနှင့် ဒီဗွီဘီမေးမြန်းချက် (ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံတဝန်းကျင်းပခဲ့တဲ့ အခုနှစ် တန်ဆောင်တိုင် ကထိန်အလှူပွဲတွေမှာ ‘ဗိုလ်အောင်ဒင်’ဆိုတဲ့သီချင်း လူအများပါးစပ်ဖျားမှာ အတော်ရေပန်းစားခဲ့သလို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာပေါ်မှာလည်း ‘ဗိုလ်အောင်ဒင်’ သီချင်းထဲက စာသားတွေ အတော်လေး ရေပန်းစားခဲ့ပါတယ်။

ပေါ့ရော့ခ်နဲ့ မော်ဒန်ရော့ခ် သီချင်းတွေသီဆိုတဲ့ ‘ဗိုလ်အောင်ဒင်’ သီချင်းရဲ့ အဆိုရှင် မနောဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေကလည်း တေးစီးရီးခွေတွေ ထွက်ရှိထားပြီး မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို အတန်အသင့် ရရှိထားသူ ဖြစ်ပါတယ်။

အခုနှစ်ကထိန်မှာတော့ မြန်မာသံစဉ် ‘ဗိုလ်အောင်ဒင်’ သီချင်းနဲ့ ရေပန်းစားဖြစ်ခဲ့တာနဲ့ပတ်သက်လို့ အဆိုရှင် မနောကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ‘ဗိုလ်အောင်ဒင်’ ဆိုတဲ့သီချင်း ဘယ်လိုစဖြစ်လာတာလဲ။ ဘယ်သူရေးခဲ့တာလဲ။

ဖြေ - “ရေးတာကတော့ ကျနော့်သူငယ်ချင်း သဟာအောင် ရေးတာပါ။ ဒီသီချင်းရေးပြီးတော့ သူက သူငယ်ချင်း မင်း ဒါ နားထောင်ကြည့်ဦးတဲ့။ ဒီသီချင်းကို ဆိုရဲလားတဲ့။ သီချင်းလေးကို နားထောင်ကြည့်တော့ ဆိုရဲပါတယ်လို့။ ဒီသီချင်းက လူများကို ပျော်စေချင်တဲ့ဟာလေ။ ဆိုမယ်ဆိုပြီးတော့ ကျနော်တို့ထောင်ထားတဲ့ ကဖေးလ်တီးဝိုင်းနဲ့ တီးလိုက်တယ်။ တီးပြီးတော့ အွန်လိုင်း Audio တင်ပေးလိုက်တာပေါ့ဗျာ။ အဲလိုနဲ့ ပေါက်သွားတာ။”

မေး - အဲဒီသီချင်းကို ရေးတာ၊ အွန်လိုင်းမှာတင်တာ ကြာပြီးလား။

ဖြေ - “တင်တာကတော့ ၂ လကျော်ကျော် ရှိလောက်မယ်။ ရေးတာကလည်း ရေးပြီးပြီးချင်း တန်းဆိုပြီးတော့ တင်တာပဲ။”

မေး - သီချင်းတင်လိုက်တဲ့ ၂ လအတွင်း ဝင်ကြည့်သူ ဘယ်လောက်ရှိလဲ။

ဖြေ - “မမှတ်မိဘူး။ ကြည့်တဲ့သူလည်း မနည်းဘူး။ ရှယ်တာတွေတော့ များတယ်။”

မေး - အဲဒီသီချင်းက ဒီနှစ်ကထိန်မှာ အရမ်းပေါက်နေတယ်။ ပွဲတိုင်းမှာ ဆိုကြ၊ ကကြတယ်။ ဆိုတော့ ကိုမနောအနေနဲ့ ကိုယ်ဆိုတဲ့သီချင်း ခုလိုပေါက်သွားတဲ့အပါ် ဘယ်လိုမြင်လဲ။

ဖြေ - “ကျနော်တို့ကတော့ ကိုယ်က ပျော်စေချင်လို့ လုပ်ထားတဲ့ သီချင်းလေး။ သူတို့က ပျော်ပွဲတွေမှာ ဖွင့်ကြတယ်။ ကကြတယ်။ ပျော်စရာလေး ဖြစ်သွားတဲ့အတွက် ဝမ်းသာတယ်။ အကျိုးရှိပါတယ်။ အပျော်အပါးဘက်က သီချင်းဆိုတော့ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ပျော်ပါးပါးလေး တွေ့ရတယ်။”

မေး - ကျမအနေနဲ့ကတော့ ကိုမနောကို ဒီသီချင်းနဲ့ပဲ သိလာတာပေါ့လေ။ အရင်တုန်းက အဲလိုပေါက်တဲ့ သီချင်းရှိလား။

ဖြေ - “ရှိတော့ရှိပါတယ်။ မိချောတို့၊ ချစ်တယ်တို့၊ သနပ်ခါးလေးနဲ့ မောင့်ချစ်သူတို့ ရှိပါတယ်။”

မေး - ကိုမနောရဲ့ တကိုယ်တော်စီးရီး ဘယ်နှခွေလောက် ထွက်ပြီးပြီလဲ။

ဖြေ - “ထွက်ထားပါတယ်။ ကျနော် အစောပိုင်းက ကိုလှိုင်ဦးမော်နဲ့ တွဲဆိုတဲ့ လက်ချောင်းများ ထွက်ထားတယ်။ ဒုတိယ တကိုယ်တော်စီးရီးက ချစ်တယ်တို့ ပါတဲ့ခွေ ‘အဆင်ပြေတဲ့နေ့’ တေးစီးရီး ထွက်ထားပါတယ်။ ပြီးတော့ တတိယခွေက စီးရီးလိုက်ဆိုရင်တော့ ကိုလှိုင်ဦးမော်နဲ့ တွဲထားတဲ့ ၉ လပိုင်း ၂၉ ရက်နေ့ထွက်ထားတဲ့ တခွေရှိတယ်။ ကျန်တာကတော့ တွဲဆိုလေးတွေ ဆိုထားပါတယ်ဗျာ။”

မေး - နောက်ထပ်ထွက်ဖို့ကော  စီးရီးထွက်ဖို့ ရှိသေးလား။

ဖြေ - “အခု ဗိုလ်အောင်ဒင်တို့ ဘာတို့ ပါမယ့်ဟာကတော့ ဒီတန်ဆောင်မုန်းလထွက်ဖို့ များပါတယ်။ ကျနော်တို့ လုပ်နေပါတယ်။ ဗိုလ်အောင်ဒင်က မထွက်သေးဘူး။ အွန်လိုင်းမှာပဲ ဒီတိုင်းတင်ထားတယ်။”

မေး - ကိုမနော အကြောင်းလေး ပြောပြပါလား။ ဘယ်ဇာတိလဲ။ အသက် ဘယ်လောက်ရှိပြီလဲပေါ့။

ဖြေ - “ကျနော်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကျွန်းကန်ရွာသစ်။ အဲဒီမှာ မွေးပြီးတော့ မန္တလေးမှာ ကြီးပါတယ်။ အခုတော့ မန္တလေးမှာပဲ နေပါတယ်။ အသက်က ကျနော် ၃၃ နှစ် ရှိပါပြီ။ ကျနော် ဗမာလူမျိုးပါ။ မနော ဆိုတဲ့နာမည်ကို ပါဠိလို စိတ်ကို မှည့်ထားတာပါ။”

မေး - ဘယ်လိုပဲဖြစ်ဖြစ် ကိုမနောကို ဗိုလ်အောင်ဒင်သီချင်း ပိုသိလာကြတယ်။ ဆိုတော့ ပရိသတ်တွေကိုရော ဘာပြောချင်တာမျိုး ရှိလဲ။

ဖြေ - “ကျနော်တို့ကတော့ ဒီသီချင်းတွေကို အဖြစ်နိုင်ဆုံး ကြိုးစားဖန်တီးနေဦးမှာပါ။ အခုလိုမျိုး အားပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် အသစ်အသစ်တွေကိုလည်း ကျနော်တို့ လုပ်နေပါသေးတယ်။ ကျနော်လည်းဆို၊ တီးလည်း တီးနေပါပြီ။ အဲဒီသီချင်းလေးတွေ ထွက်ရင်လည်း အားပေးပါဦးဗျာ။ ကျေးဇူးတင်ပါတယ်။”

အခုလို ဖြေကြားပေးတဲ့အတွက် ကိုမနောကို ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013