DVB Logo
Home
မြန်မာသတင်း
အလဲဗင်း၏ မေတ္တာရပ်ခံချက်ကြောင့် သတင်းမီဒီယာကောင်စီ ကြားဝင်ဖြေရှင်းပေးတော့မည်
DVB
·
November 16, 2016
Donate to DVB

ရန်ကုန်တိုင်းအစိုးရနဲ့ အဲဗင်းမီဒီယာအကြား အမှုအခင်းပြသနာကို အလဲဗင်းမီဒီယာဂရုရဲ့ မေတ္တာရပ်ခံချက်ကြောင့် ကြားဝင်ဖြေရှင်းပေးသွားမယ်လို့ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီက ပြောပါတယ်။

အလဲဗင်းမီဒီယာဂရုရဲ့ စီအီးအို ဒေါက်တာသန်းထွဋ်အောင်နဲ့ ဒေးလီးအလဲဗင်း အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ အလဲဗင်းမီဒီယာဂရုက နိုဝင်ဘာ ၁၂ ရက်နေ့မှာ မေတ္တာရပ်ခံစာ ပေးပို့ခဲ့တာပါ။

အလဲဗင်းမီဒီယာဂရုရဲ့ မေတ္တာရပ်ခံချက်ကြောင့် နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ပြီး နှစ်ဘက် ဆွေးနွေးညှိနှိုင်းပေးသွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“အခုက ရုံးပိတ်ရက်တွေက ခံနေတယ်။ သို့သော်လည်း မနက်ဖြန်မှာ ရုံးဖွင့်ရက်တွေကျရင် ဆက်သွယ်ပြီးတော့ အဲဒီကိစ္စကို ညှိနှိုင်းဆောင်ရွက်ဖို့တွေ ဆက်ပြီးလုပ်သွားမယ်လို့ ဆွေးနွေးထားကြပါတယ်။”

နှစ်ဘက် ဆွေးနွေးညှိနှိုင်းတဲ့အခါ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ အလဲဗင်းမီဒီယာဂရုအပေါ် တောင်းဆိုချက်တွေ ရှိလာနိုင်ပြီး အလဲဗင်းမီဒီယာဂရု အနေနဲ့လည်း လိုက်လျောနိုင်တဲ့ အခြေအနေမှာ ရှိတဲ့အတွက် အမြန်ဆုံး ပြေလည်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

“အလဲဗင်းဘက်ကလည်း တဘက်က ဖြေရှင်းတဲ့ တောင်းဆိုချက်တို့ ဘာတို့ ရှိလာမယ်ဆိုရင် သူတို့လည်း လိုက်လျောလိမ့်မယ်လို့ မျှော်လင့်တယ်ပေါ့နော်။ အကယ်၍ အဲဒီလိုမျိုး ညှိနှိုင်းဖို့ဆန္ဒ ရန်ကုန်တိုင်းအစိုးရဘက်က ရှိတယ်ဆိုရင်တော့ ဒီပြဿနာ ပြေလည်ဖို့ နီးစပ်တယ်လို့ ကျနော် မြင်ပါတယ်” ဦးမြင့်ကျော်က ဆက်ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားမှုကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြားဝင်ဖြေရှင်းပေးမယ့်အပေါ် အလဲဗင်းမီဒီယာဂရုရုံးကို ဒီဗွီဘီသတင်းဌာနအနေနဲ့ သွားရောက်မေးမြန်းခဲ့ပေမယ့် ဖြေကြား မပေးနိုင်ဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ်တဦးကို  စီးပွားရေးလုပ်ငန်းရှင်တဦးက ဒေါ်လာ ၁ သိန်းတန် နာရီတလုံး ပေးခဲ့တယ်လို့ အလဲဗင်းမီဒီယာရဲ့ စွပ်စွဲ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့  ထိန်းကြောင်း ကြပ်မတ် ဖြေရှင်းဆောင်ရွက်ပေးဖို့  ရန်ကုန်တိုင်းအစိုးရအဖွဲ့က  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တိုင်ကြားခဲ့ဖူးပါတယ်။

ဒီကိစ္စ ပြစ်မှုကြောင်းအရ အမှုဖွင့်ထားပြီးဖြစ်လို့ သတင်းမီဒီယာကောင်စီအနေနဲ့  ကြားဝင်ဖြေရှင်းပေးဖို့ မဖြစ်နိုင်ဘူးလို့ ကောင်စီက  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်စွဲနဲ့ ရန်ကုန်တိုင်းအစိုးရ ထံ အကြောင်းပြန်ကြားထားတာဖြစ်ပါတယ်။

သတင်းမီဒီယာ နည်းဥပဒေ ပုဒ်မ ၃၇ အရ နစ်နာသူက ကောင်စီထံ တိုင်ကြားပြီးတဲ့နောက်တရားစွဲလိုက်ရင် တိုင်ကြားလွှာကိုပြန်ရုပ်သိမ်းရမှာဖြစ်တယ်၊ ဒါကြောင့် အစိုးရအဖွဲ့က အလဲဗင်းမီဒီယာ အပေါ် အမှုဖွင့်ထားတာကို ရုပ်သိမ်းမှပဲ ကောင်စီအနေနဲ့ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ လည်း ကောင်စီရဲ့ စာမှာဖော်ပြထားတာပါ။

သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ ရှေ့နေအဖွဲ့အစည်းတွေကတော့  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို ရုပ်သိမ်းပြီး ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းကို အသုံးပြုဖို့ နိုဝင်ဘာ ၁၃ ရက်က အကြံပြုချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဟာ သတင်းမီဒီယာသမားတွေရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ပိတ်ပင်စေတဲ့အတွက် ဖျက်သိမ်းဖို့ လိုအပ်တဲ့ ဥပဒေဖြစ်တယ်လို့ သတင်းမီဒီယာသမားတွေက ဝေဖန်ထောက်ပြနေကြပါတယ်။

သတင်းပေးပို့-  အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013