DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် လူ့အခွင့်ရေးချိုးဖောက်မှုများ ဆက်ရှိနေဟု ကချင်အမျိုးသမီးအဖွဲ့ ထုတ်ပြန်
DVB
·
November 15, 2016
အစိုးရသစ်လက်ထက် လူ့အခွင့်ရေးချိုးဖောက်မှုများ ဆက်ရှိနေဟု ကချင်အမျိုးသမီးအဖွဲ့ ထုတ်ပြန်
Donate to DVB

အန်အယ်လ်ဒီအစိုးရသစ်လက်ထက် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ အစိုးရတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဥပဒေအရ ကင်းလွတ်ခွင့်ရရှိတဲ့ပုံစံဟာ အရင်အစိုးရလက်ထက်ကအတိုင်း ဆက်ရှိနေတယ်လို့ ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားတဲ့ “အလှမ်းဝေးနေသော ငြိမ်းချမ်းရေး”  အစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်ပြောကြားလိုက်တာပါ။

ကချင်အမျိုးသမီးများအစည်းအရုံးအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေအတွင်းက အစိုးရစစ်တပ်ရဲ့ အရပ်သားပေါ် ကျူးလွန်ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ခဲ့ပြီး အထူးသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ ရွာသားတွေကို မတရားဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်တာတွေ မကြာခဏ မြင်တွေ့နေရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) ရဲ့ ပြောခွင့်ရသူ ရှယ်လီဆိုင်းက “တပ်တွေက အများကြီးပိုတိုးလာတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ပိုပိုများလာတယ်။ အခု သူတို့က လူတွေကို အစုလိုက် ၁၇/၁ မတရားအသင်းဆက်သွယ်မှုနဲ့ အမှုတွေ စွဲနေတယ်။ လူငယ်တွေ ခရီးသွားလာရတာလည်း မလွတ်လပ်တော့ဘူး။ အရင် ဦးသိန်းစိန်အစိုးရထက်တောင် ပိုဆိုးနေတယ်။ အခု တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးခေါ်ပြီးမှ အဲလိုစစ်ထိုးနေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုက ပိုများနေတယ်။ အိမ်တွေမီးရှို့တယ်။ အခု နိုင်ငံခြားသားတွေက ဗမာပြည်ပြောင်းပြီး ၀င်ကြတော့ သွားကြတော့ဆိုတဲ့ဟာမျိုးက များနေတယ်လေ။ အဲဒါကို ထောက်ပြချင်တယ်။ အခု အန်အယ်လ်ဒီအစိုးရမှာ ဘာပြောင်းလဲမှုရှိသလဲဆိုတာကို ပြချင်ပါတယ်။”

အစီရင်ခံစာမှာ အနည်းဆုံး တပ်ရင်း ၉ ရင်းပါဝင် မှတ်တမ်းတင်ကောက်ယူထားတဲ့ ညှဉ်းပန်းနှိပ်စက်မှု ၂၁ မှုမှာ ရွာသားတွေဟာ ကြိုးနဲ့တုတ်နှောင်ခံရတာ၊ သေနတ်နဲ့ ရိုက်နက်ထုရိုက်ခံရတာ၊ ခြေသလုံးကို ၀ါးနဲ့လှိမ့်ခံရတာ၊ ဓားနဲ့ထိုးတာ စတဲ့ နှိပ်စက်ခံရမှုတွေ ကြုံတွေ့ခဲ့ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဲဒီထဲက အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးလည်း အသတ်ခံရတာ သို့မဟုတ် လက်စတုံးပျောက်ဆုံးသွားခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အစိုးရတပ်ဟာ ကေအိုင်အေဒေသ အနီးတ၀ိုက် ရှေ့တန်းစခန်းတွေမှာ အင်အားဖြည့်တင်းတာတွေ ပြုလုပ်ခဲ့ပြီး ဗဟာဗျူဟာမြောက်နေရာတွေက ကေအိုင်အေ စခန်းတွေကို ဖယ်ရှားရေး ထိုးစစ်အသစ်အတွက် တပ်ရင်း ၁၀၀ ကျော်၊ အင်အား ၁၅၀၀၀ ကျော်ခန့် ချထားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လတွင်း တနိုင်းမြို့တောင်ဘက်၊ ဖားကန့်မြောက်ဘက် ရွှေမိုင်ဒေသရှိ ကေအိုင်အေတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို ရွှေမှော်တွင်းတွေကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။

အဓိကကျတဲ့ သတ္တုတူးဖော်ဒေသတွေကို ထိန်းချုပ်ဖို့ အားထုတ်တာတွေအပြင် တရုတ်နိုင်ငံ နယ်စပ်တလျှောက် အခြေချနေရာယူထားတဲ့ ကေအိုင်အေစခန်းတွေကို ရှင်းလင်းဖို့ အစိုးရစစ်တပ်က ထပ်မံအားထုတ်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် သြဂုတ်လလယ်ကစပြီး အစိုးရစစ်တပ်ဟာ ကချင်-တရုတ်နယ်စပ်ရှိ ကေအိုင်အေ လိုင်ဇာဌာနချုပ်အနီးတ၀ိုက် နေရာတွေကို လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုနှစ်အတွင်း အစိုးရစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှု အသစ်တွေနဲ့ ကချင်စစ်ရှောင် အိုင်ဒီပီစခန်းသစ်တွေ ထပ်မံပေါ်လာခဲ့ပြီး ဇူလိုင်လမှာ  တနိုင်းတောင်ဘက်ထိုးစစ်တွေကြောင့် လူပေါင်း ၁၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ပုန်းအောင်းနေထိုင်နေကြရတဲ့ အိုးအိမ်စွန့်ခွာ ပြည်သူပေါင်း ၁ သိန်းကျော်ဟာ အိမ်မပြန်နိုင်တဲ့အပြင် အကူအညီပေးရေး အေဂျင်စီတွေက အကူအညီဖြတ်တောက်လိုက်တဲ့အတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

အန်အယ်လ်ဒီအစိုးရအနေနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြုပြင်ပြောင်းလဲမှုကို ဦးတည်တဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ စတင်နိုင်ရေးအတွက် တပ်မတော်ရဲ့ ထိုးစစ်တွေကို ချက်ချင်းရပ်တန့်ဖို့ ကချင်အမျိုးသမီးအဖွဲ့က တောင်းဆိုပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်နေတဲ့နေရာတွေကို လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွန်းတဲ့အချိန်အထိ တိုင်းရင်းသားဒေသတွေမှာ သယံဇာတထုတ်ယူတာနဲ့ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းတွေ လုပ်ဆောင်တာ ရပ်တန့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်ကလည်း အစိုးရတပ်အနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းထားပေမယ့် ဘာကြောင့်ထိုးစစ်ဆင်လဲဆိုတာ နားမလည်နိုင်ဘူးလို့ ပြောပါတယ်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ လုပ်ပြီးတဲ့နောက်မှာ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက် စစ်ကြောင်းထိုးတာ တကယ့်ပြင်းပြင်ထန်ထန် အပြင်းထန်ဆုံးအနေနဲ့ သူတို့စစ်ကြောင်းထိုးတယ်။ အဲဒါကိုလည်း အံ့သြတယ်။ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က ပြောတာ။ အဲဒါဆိုရင် စစ်ကြောင်းထိုးခြင်းဖြင့် ငြိမ်းချမ်းရေးကို ရနိုင်သလားတော့မသိဘူး။ သူတို့က စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းထိုးတော့ လူ့အခွင့်အရေးချိုးဖောက်တာ တော်တော်များတယ်လို့ မြင်တယ်။”

ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်တာတွေကို ချက်ချင်းရပ်ပေးဖို့ ဒေသခံ ပြည်သူလူထုက  မြစ်ကြီးနားမြို့ထဲမှာ တောင်းဆိုဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြသလို တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၆၀ ကျော်လောက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စုပေါင်းစာရေး တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013