DVB Logo
Home
Lead Story
အဂတိတရားကင်းစင်တဲ့ အစိုးရ ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်ပါ
DVB
·
November 15, 2016
အဂတိတရားကင်းစင်တဲ့ အစိုးရ ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်ပါ
Donate to DVB

ပြည်သူတွေဥပဒေရဲ့ အကာကွယ်ရဖို့လိုတယ်လို့ တဖွဖွပြောနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Daily Eleven သတင်းစာတိုက် CEO နဲ့ အယ်ဒီတာချုပ်တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲလိုက်ပါတယ်။

ဝန်ကြီးချုပ်က ဘာကြောင့်တရားစွဲတာလဲလို့ မေးကြပါလိမ့်မယ်။ အဖြစ်ကဒီလိုပါ။ Daily Eleven သတင်းစာတိုက်က CEO ဒေါက်တာသန်းထွဋ်အောင်က ရွေးကောက်ပွဲ တနှစ်ကြာသော်ဆိုတဲ့ အယ်ဒီတာ့အာဘော်မှာ လစာဒေါ်လာ ၂၅၀၀ ခန့်ရှိတဲ့ ဝန်ကြီးချုပ်တဦး ဒေါ်လာတသိန်းခန့်တန်တဲ့ Patek Phillipe နာရီ ဝတ်ဆင်တယ်ဆိုတဲ့ သတင်းက တနေ့ အနည်းဆုံးလုပ်ခ ၂ ဒေါ်လာခွဲသာရတဲ့ နိုင်ငံသားအတော်အများများကို မကျေမနပ် ဖြစ်စေခဲ့တယ်ဆိုတာ မကျေနပ်လို့ ၆၆(ဃ) ဆိုတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတပ်ပြီး တရားစွဲလိုက်တာပါ။

ဒီဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) က အရင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၃ ခုနှစ် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားတာပါ။

အဲဒီအချိန်တုန်းကတည်းက ဒီပုဒ်မဟာ အစိုးရကို ကာကွယ်ဖို့နဲ့ တိုးတက်နေတဲ့ခေတ်ကြီးမှာ ပြည်သူတွေကိုဖိနှိပ်မယ့် ပုဒ်မဆိုပြီး ရှေ့နေအသိုင်းအဝိုင်းကရော နိုင်ငံရေးအသိုင်းအဝိုင်းကပါ ဝေဖန်ခဲ့ကြတဲ့ပုဒ်မပဲ ဖြစ်ပါတယ်။

အဲဒီတုန်းက အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါခဲ့ပါတယ်။ ဒီဖြစ်စဉ်ကိုပြောရင် အကြောင်းရင်း ၂ ခုကို ပြောရပါလိမ့်မယ်။ ပထမတကြောင်းက ဥပဒေရဲ့အားနည်းချက်ပါ။ ဒီဥပဒေ ပြင်သင့်၊ မပြင်သင့်နဲ့ ပယ်ဖျက်သင့်၊ မပယ်ဖျက်သင့်ပါ။ ဒုတိယတချက်ကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ၆၆(ဃ) နဲ့ တရားစွဲဆိုမှုပါ။

အခုချိန်ထိ ဒီ Telecommunication Law လို့ခေါ်တဲ့ ဆက်သွယ်ရေးဥပဒေဟာ နည်းဥပဒေ မထွက်သေးပါဘူး။ ဒီဥပဒေဟာ အားနည်းချက်တွေအများကြီး ရှိနေတဲ့အပြင် ပြည်သူတွေကို ဥပဒေနဲ့ အကာကွယ်ပေးရမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောစကားနဲ့လည်း တက်တက်စင်အောင် လွဲနေတဲ့ဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေဟာ ပြည်သူကို အကာအကွယ် မပေးတဲ့အပြင် လူမှုကွန်ရက်သုံးတဲ့သူတိုင်းကိုတောင် အလွယ်တကူ ချုပ်နှောင်ထားလို့ရတဲ့ ဥပဒေဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ထောက်ပြပါတယ်။

“Facebook အကောင့်ကို ကိုယ့်ပုံ ကိုယ့်နာမည်နဲ့ အကောင့်ဖွင့်ပြီး ပေါက်တတ်ကရတွေ လျှောက်ရေး၊ ပြဿနာဖြစ်လာရင် ကိုယ့်ပုံ ကိုယ့်အမည်နဲ့ဆိုတော့ ကိုယ့်ပဲ လာဖမ်းမှာ။ သေချာစစ်ဆေးပြီးမှ ဖမ်းမှာမဟုတ်ဘူး။ စွဲခဲ့တဲ့အမှုတွေ ပြန်ကြည့်ရင်လည်း သေချာစစ်ဆေးပြီးမှ စွဲတာ တခုမှမရှိဘူး။ အဲဒါကိုက ဥပဒေရဲ့အားနည်းချက် ဖြစ်နေတယ်” လို့ ပြောပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်ရဲ့ ဒီဥပဒေအပေါ် ထောက်ပြတာကတော့ အတော်ကို အန္တရာယ်များပြီး ပြည်သူတွေ အကာကွယ်မဲ့တဲ့ဥပဒေ ဖြစ်နေတယ်လို့ ပြောပါတယ်။ “Facebook၊ ဝီချက်၊ မက်ဆင်ဂျာ၊ Line၊ တွစ်တာ၊ SMS ဒီလိုဟာမျိုးတွေ သုံးတဲ့သူတွေအနေနဲ့ ခံစားချက်တွေ ရေးတင်တာတောင် တခြားသူတယောက်က ဂုဏ်သိက္ခာကျပါတယ်လို့ ထင်ရင် သူကိုယ်တိုင် မဟုတ်တောင် ကိုယ်စားအနေနဲ့ ဒီဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲလို့ရတယ်” လို့ ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ဒီဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံခဲ့ရသူ ၁၈ ဦးရှိနေပြီး ချုပ်နှောင်ခံထားရတဲ့သူ ၈ ဦး ရှိပါတယ်။ ၂၀၁၆ နိုဝင်ဘာ ၁၀ ရက်နေ့အထိ စာရင်းတွေအရဆိုရင် ဒီပုဒ်မနဲ့ တရားစွဲဆိုမှုပေါင်း ၂၆ မှုအထိရှိတယ်လို့ ဆက်သွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့က သိရပါတယ်။

ဒီလို တရားစွဲဆိုမှုတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နိုင်ငံတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို အပြစ်တင် ဝေဖန်ရေးသားထားတဲ့သူတွေကို တရားစွဲဆိုခဲ့တာတွေ များတယ်လို့ ဒီအမှုလိုက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒါ့အပြင် ဒီအမှုတွေကို ဆုံးဖြတ်ချက်ချပေးနေတဲ့ တရားသူကြီးတွေရဲ့ အားနည်းချက်တွေကိုလည်း ဦးရောဘတ်စန်းအောင်က အခုလို ထောက်ပြပါတယ်။

“ဒီဥပဒေအပေါ် ဆောင်ရွက်ပုံ ဆောင်ရွက်နည်းမှာ ရဲကလည်း အဆင်ပြေသလို လုပ်တယ်။ တရားသူကြီးကလည်း ထိုင်ခုံမပျောက်အောင် လာသမျှကို ထောင်ချလွှတ်တယ်။ ဒါက လုပ်ချင်လို့ လုပ်တာတော့ မဟုတ်ဘူး။ နည်းဥပဒေမရှိလို့ လုပ်တာ။ ဒါ အပြစ်ပြောလို့မရဘူး မကျွမ်းကျင်ကြဘူး။ တချို့ ထင်မြင်ချက်ဆိုရင် စွပ်စွဲခံရသူရဲ့ အမည်ပါတယ်။ ဒီလူလုပ်တာပါဆိုပြီး အမှုတောင် မစစ်ရသေးဘူး။ အမိန့်တန်းချလို့ရအောင် ထင်မြင်ချက်တွေ ပေးနေတယ်” လို့ ပြောပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး တရားရုံးတွေအနေနဲ့ အာမခံပေးတဲ့ရုံးတွေ ရှိသလို မပေးတဲ့ တရားရုံးတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

အခုနောက်ပိုင်းတော့ ဒီဥပဒေကိုသုံးပြီး နိုင်ငံရေးသမားတွေ ဖိနှိပ်ဖို့ နိုင်ငံရေးဆန်ဆန် စွဲချက်တင်နေတာတွေ၊ အာမခံမပေးတာတွေက ဒီမိုကရေစီ အစိုးရလက်ထက်မှာ မရှိသင့်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း ပြောပါတယ်။

“ဒီလို နိုင်ငံရေးဆန်ဆန် အလွယ်တကူ စွဲနေတဲ့ပုဒ်မကို တရားရေးအဖွဲ့အစည်းတွေကလည်း ခွင့်မပြုသင့်သလို နိုင်ငံတော်ရှေ့နေချုပ်ကလည်း ဒီလို အလွယ်တကူ တရားစွဲတာတွေကို တားဆီးသင့်တယ်” လို့ ပြောပါတယ်။

ဒီလို အားနည်းချက်တွေများနေပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်နေသလို လူအခွင့်အရေးကို ချိုးဖောက်နေတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာပါ။ ဥပဒေတွေကို ပယ်ဖျက်တာ၊ ပြင်ဆင်တာက ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ လွှတ်တော်မှာ တိုက်ရိုက် တာဝန်ရှိတာပါ။ ဒါက ဥပဒေရဲ့ အားနည်းချက်တွေနဲ့ တာဝန်ယူ လုပ်ဆောင်ရမယ့်သူတွေရဲ့ အပိုင်းပါ။

ဆောင်းပါးအစကို ပြန်သွားကြအောင်ပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ Daily Eleven က ရေးသားတဲ့ကိစ္စကို ဘာကြောင့် ချက်ချင်းတုံ့ပြန်ရသလဲ ဆိုတာပါ။ အန်အယ်လ်ဒီအစိုးရ တက်မလာခင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်လို့ ပြောဆိုခဲ့သလို အစိုးရဖြစ်တော့လည်း လက်ဆောင်ပစ္စည်း ၂၅၀၀၀ ထက် ပိုမယူရလို့ ကြေညာထားလို့ပဲ ဖြစ်ပါတယ်။ ဒေါ်လာတသိန်းခန့်ဆိုတဲ့ ပမာဏက မြန်မာငွေနဲ့ တွက်မယ်ဆိုရင် သတ်မှတ်ထားတဲ့ လက်ဆောင်ပစ္စည်း ငွေထက် အဆပေါင်းမြောက်မြားစွာ ပိုနေတာပါ။ တည့်တည့်ပြောရမယ်ဆိုရင် ဝန်ကြီးချုပ်အနေနဲ့ ဒီကိစ္စကို ချက်ချင်းမတုံ့ပြန်ဘူးဆိုရင် အဂတိလိုက်စားတဲ့ဝန်ကြီးချုပ် ဖြစ်သွားမယ့်အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ စတုတ္ထမဏ္ဍိုင်ကို တရားစွဲလိုက်တာကလည်း အရုပ်ဆိုး အကျည်းတန်သွားစေပါတယ်။ ဒါနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်းက မီဒီယာဥပဒေ ရှိနေပေမယ့် အခုလို ပုဒ်မနဲ့ တရားစွဲဆိုတာက လုပ်ပိုင်ခွင့်ဘောင်ကို အပြည့်အဝ ယူလိုက်တာလို့ ဝေဖန်ပါတယ်။

ဒီအဖြစ်အပျက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေ ရှိနေလို့ပါ။ အစိုးရအဖွဲ့ အကြီးအကဲတွေရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ထိရှိတယ်ဆိုတာကို ပြည်သူတွေ သိနေတယ်ဆိုရင် ဒီအဖြစ်အပျက်တွေ စွပ်စွဲရေးသားတာတွေလည်း ဖြစ်လာဖို့ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ စွပ်စွဲရေးသားခံခဲ့ရသူတွေကတော့ ဒီလိုလက်ဆောင်မျိုးတွေ မယူဘူးဆိုတာနဲ့ လက်ဆောင်မပေးဘူးဆိုတာကို သတင်းမီဒီယာတွေကို အတိအလင်း ပြောထားပြီးသားပါ။ ဒါပေမယ့် ဒီသတင်းအကြောင်းအရာက ပြည်သူတွေဆီကို ပျံ့နှံ့သွားခဲ့ပြီးပါပြီ။

ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိချင်ကြမှာပါ။ သူတို့တင်ထားတဲ့ အစိုးရဟာ အဂတိတရား ကင်းရှင်းတယ်ဆိုတာကို တိတိကျကျ သိချင်မှာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်လို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ ပြောဆိုထားတာတွေ ရှိတဲ့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စံထားပြီး ဖြေရှင်းပေးသင့်ပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ဒီလို တန်ဖိုးကြီးလက်ဆောင်ပစ္စည်း မယူဘူးဆိုရင် ရွေးကောက်ခံကိုယ်စားလှယ် အရွေးခံစဉ်တုန်းကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကို တင်ပြထားတဲ့ တဦးချင်း ပိုင်ဆိုင်မှုတွေ ရှိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောသလို ပိုင်ဆိုင်မှုတွေကို ပြည်သူတွေကို ချပြလိုက်ရင် ရာဇဝတ်မှုတွေကို ဖိတ်ခေါ်သလို ဖြစ်မယ်ဆိုရင် ဝန်ကြီးချုပ်ရဲ့ ပိုင်ဆိုင်မှုတွေကို ဗဟိုက စိစစ်ပါ။

ဒီလို သမ္မတက ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်ကို အနိုင်ရပါတီက စိစစ်ခွင့်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုရင် ဥပဒေကို လေးစားလိုက်နာတယ်ဆိုတဲ့ အစိုးရအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စိစစ်ပေးပါ။

စိစစ်ပြီးသွားပြီဆိုရင် Daily Eleven သတင်းစာ CEO ဒေါက်တာသန်းထွဋ်အောင် ရေးသလို မဟုတ်ပါဘူးဆိုတဲ့ ထုတ်ပြန်ချက်ကလေးတော့ ပြည်သူတွေကို ထုတ်ပြန်လိုက်ပါ။ အဂတိတရား ကင်းစင်တယ်ဆိုတဲ့ အစိုးရဖြစ်ကြောင်းကို လူထုကို သက်သေပြလိုက်ပါလို့ ရေးသားလိုက်ရပါတယ်။

အောင်သူ(ဒေးဒရဲ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013