DVB Logo
Home
Lead Story
ဒီမိုကရေစီ၏မဏ္ဍိုင်များ တိုးတိုက်မိခြင်း
DVB
·
November 12, 2016
ဒီမိုကရေစီ၏မဏ္ဍိုင်များ တိုးတိုက်မိခြင်း
1 / 8
Donate to DVB

(၁) အလဲဗင်းမီဒီယာနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ကြား ဖြစ်ပွားသောအမှုကို ကြားသိမြင်တွေ့ရသည့်အခါ မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ဒီမိုကရေစီ၏ မဏ္ဍိုင်ကြီးများ တိုးတိုက်မိခြင်းမှာ အဆန်းမဟုတ်ပါ။ သို့သော် ယင်းသို့ တိုးမိတိုက်မိသည့်အခါ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သူများသည် မဏ္ဍိုင်များ ဟန်ချက်မပျက်ယွင်းအောင် မည်သို့  ထိန်းညှိကြမည်နည်း။

(၂) မြန်မာနိုင်ငံက အခြားနိုင်ငံများနှင့် မတူသောအနေအထားတွင် ရှိနေသည်။ အခြားနိုင်ငံများတွင် မဏ္ဍိုင်လေးခု (လွှတ်တော်၊ အစိုးရ၊ တရားရေး၊ မီဒီယာ) သာ ရှိသည်။ မြန်မာနိုင်ငံမှာတော့ တပ်မတော်က သီးခြားအာဏာရအင်စတီကျူးရှင်တစ်ခုကဲ့သို့ ဖြစ်ရာ  မဏ္ဍိုင်ငါးခု ရှိနေသည်ဟု ဆိုရမည်။ မြန်မာနိုင်ငံ၏ မဏ္ဍိုင်ငါးခုအနက် မီဒီယာက တရားဝင်အာဏာရှိသော မဏ္ဍိုင်မဟုတ်။ ကျန်သည့် မဏ္ဍိုင်လေးခုက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာနှင့် လုပ်ပိုင်ခွင့်များ ရရှိနေသည်။

(၃) မကြာခင်ကာလကမှ  စာပေစိစစ်ရေးကို ဖျက်သိမ်းလိုက်သည်ဖြစ်ရာ လွတ်လပ်သော မီဒီယာသည် မွေးကင်းစအရွယ်သာ ရှိနေသေးသည်။ လုပ်ပိုင်ခွင့်အာဏာလည်းမရှိ။ ထို့ပြင် အင်အားလည်း မရှိလှသေး။ မီဒီယာလုပ်ငန်းအချို့ သီးကင်းတဖုတ်ဖုတ်အဖြစ်သို့ ရောက်နေကြသည်။ ထိုအချိန်တွင် မီဒီယာကို အင်အားချည့်နဲ့အောင် မလုပ်သင့်။ မီဒီယာ၏အကူအပံ့ဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်လာသည်ကို မမေ့သင့်။

(၄) လွတ်လပ်သောမီဒီယာ၏ အဓိကအလုပ်သည် ကျန်မဏ္ဍိုင်များ၏ ဖောက်လွဲ ဖောက်ပြန် လုပ်မှုတို့ကို စောင့်ကြပ်ရသော အလုပ်ဖြစ်သည်။ ဒီမိုကရေစီ၏ မဏ္ဍိုင်တို့ မယိမ်းမယိုင်အောင် ထိန်းပေးရသော အလုပ်ဖြစ်သည်။ အိုးထိန်းသည်ကဲ့သို့ အိုးကောင်းစိမ့်သောငှာ နာနာပုတ်ခတ် ပေးရသော အလုပ်မျိုးကို လုပ်ရသည်။ အာဏာလက်ဝယ်ရှိသော မဏ္ဍိုင်ကြီးလေးခုကို စောင့်ကြည့် ဝေဖန်နေရသော မဏ္ဍိုင်ဖြစ်ရာ ယခုအချိန်ကဲ့သို့ ဒီမိုကရေစီအကူးအပြောင်းကာလမျိုးတွင် မည်မျှ အန္တရာယ်များမည်ကို အလွယ်ပင် သိနိုင်သည်။

(၅) အာဏာရှင်တို့၏ ဖိနှိပ်မှုကိရိယာများဖြစ်သော ဥပဒေများသည် တရားစီရင် ရေးနယ်ပယ်တွင် သက်ဆိုးရှည်နေဆဲ ဖြစ်သည်။ ဒီမိုကရေစီဘက်တော်သားများကို အာဏာရှင်စရိုက်သွင်းပေးရန်အတွက် အသင့်စောင့်နေသည်။ ထိုကြောင့် ဥပဒေတိုင်းကို  သတိကြီးစွာထားပြီး အသုံးပြုရန် လိုသည်။

(၆) ဥပဒေတိုင်းသည် လောကပါလတရားများဖြစ်သော တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့ကို သရုပ်ဖော်ရမည်ဖြစ်၏။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်တိုင်ကပင် ပြင်ဆင်ပြောင်းလဲရမည့်အနေအထား၌သာ ရှိနေသေးသော မြန်မာနိုင်ငံတွင် ဥပဒေကိုကိုင်စွဲကာ စီမံအုပ်ချုပ်နေရသူများအဖို့  မြေမြှုပ်မိုင်းကွင်းအတွင်း ရောက်နေသကဲ့သို့  အန္တရာယ်ကြီးလှသည်။

(၇) ဥပဒေတို့သည် လှည့်စားတတ်သည်။ ထိုကြောင့် အမှုမဲ့အမှတ်မဲ့ဖြစ်ကာ အယောင်ဆောင် ဥပဒေများကို အသုံးချမိတတ်ပါသည်။ တရားမျှတမှုကို ပြက်ရယ်ပြုနေသော၊ အာဏာရှိသူ၏ ဖိနှိပ်ရေး ကိရိယာသဖွယ် ဖြစ်နေသော ဥပဒေများကို သတိလစ်ကာ အသုံးပြုမိတတ်ပါသည်။ တခါတရံ ပုဂ္ဂိုလ်ရေးခံစားချက်ကြောင့် မွှန်ထူပြီး အငြင်းပွားစရာကောင်းသော ဥပဒေမျိုးကို အသုံးပြုမိတတ်သည်။  ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲနေမှုများသည် ယင်းကဲ့သို့ အမှုမဲ့အမှတ်မဲ့ စွဲဆိုမိခြင်း ဖြစ်နိုင်သည်။ တရားမျှတမှုကို လိုလားသူမှန်လျှင် ယင်းကဲ့သို့ ဖိနှိပ်ရေးကိရိယာသဖွယ် ဖြစ်နေသော ပုဒ်မမျိုးကို စိတ်ပါလက်ပါ အသုံးပြုမည်မဟုတ်။

(၈) မဏ္ဍိုင်များ တိုးတိုက်မိသည့်အခါ ဖြေရှင်းသည့်နည်းများ၊ ဖြေရှင်းရာတွင် အသုံးချသည့် ဥပဒေများက အလွန်အရေးကြီးသည်။ မဏ္ဍိုင်များ၏ ဟန်ချက်ပျက်ယွင်းအောင် ဖန်တီးနိုင်သည့် ဥပဒေမျိုးကို မသုံးမိရန် အရေးကြီးသည်။ အထူးသဖြင့် မတရားသောဥပဒေများကို ပြန်လည်စစ်ဆေးပြီး ပြုပြင်ရန်၊ အသစ်ပြန်လည်ရေးဆွဲရန် အားသစ်နေသော ယခုကာလတွင် အာဏာရှင်စရိုက်များ ကိန်းနေသည့် ဥပဒေတို့ကို အသုံးမပြုမိရန် အထူးသတိထားရမည်။

(၉)  ပုဒ်မ ၆၆ (ဃ) သည် အနှေးနှင့်အမြန် ပြန်လည်ပြင်ဆင်ရမည့်ဥပဒေဖြစ်သည်။ ပြင်ဆင်ရန်လိုသော (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရန်လိုသောဥပဒေမျိုးကို ဥပဒေ ဘက်တော်သားများအနေနှင့် မသုံးစွဲသင့်ပေ။

(၁၀) ဖိနှိပ်ရေးဥပဒေများကို သာမန်ပြည်သူများက အသုံးပြုနိုင်ရန် ခက်ခဲမည်ဖြစ်သော်လည်း အာဏာလက်ဝယ်ရှိသော မဏ္ဍိုင်များက အသုံးပြုလျှင်မူ လွယ်ကူနေတတ်သည်။ ထိုကြောင့် မဏ္ဍိုင်အချင်းချင်း တိုးတိုက်မိသည့်အခါ ဖိနှိပ်ရေးဥပဒေများကြောင့် တဖက်စောင်းနင်းဖြစ်သွား တတ်သည်။ အာဏာရှိသော မဏ္ဍိုင်နှင့် အာဏာမရှိသောမဏ္ဍိုင်တို့ တိုးတိုက်မိလျှင် ပိုဆိုးသည်။ မဏ္ဍိုင်တခု ယိုင်လဲသွားခြင်းသည် ဒီမိုကရေစီအဆောက်အဦယိုင်နဲ့ခြင်းပင် ဖြစ်သည့်အတွက် အားလုံးနစ်နာကြရပါမည်။

(၁၁) တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်မည့် အာဏာရပါတီအနေနှင့် တရားမျှတမှု မရှိသော ဥပဒေများအား အသုံးပြုနေခြင်းကို ထောက်ပြဝေဖန်သင့်သည်။ ပိတ်ပင်ဟန့်တားသင့်သည်။ ယင်းကဲ့သို့ ပြန်လည်ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန် လိုနေသော ဥပဒေများကို အများပြည်သူ သိရှိရန် ထုတ်ပြန်ထားသင့်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်နေသော “ပြင်ဆင်ရန် လိုအပ်သည့် အချက်” များကို အများပြည်သူ သိရှိအောင် လုပ်သကဲ့သို့  ထုတ်ပြန်ထားလျှင် အမှုမဲ့အမှတ်မဲ့ အသုံးပြုမိခြင်းမျိုး ကင်းသွားလိမ့်မည်။

(၁၂) အလဲဗင်းမီဒီယာအား တရားစွဲသောအမှုကို တရားရုံးတွင် အခြေအတင်လျှောက်လဲပြီးသည့်နောက် မည်သူမှန်သည်၊ မည်သူမှားသည်ကို ထင်ထင်ရှားရှားတွေ့မြင်နိုင်မည်ဖြစ်သည်။ မှားသူက မှားသည့်အလျောက် ဥပဒေနှင့်အညီ အပြစ်ပေးခံရမည်။ ယခုအချိန်တွင်ကား မည်သူမှန်သည် မည်သူမှားသည်ကို မဆုံးဖြတ်နိုင်သေးပါ။ စွပ်စွဲသူက စွပ်စွဲရေးသားခြင်းကိုလည်းကောင်း၊ စွပ်စွဲခံရသူက စွပ်စွဲချက် မဟုတ်မမှန်ကြောင်းကိုလည်းကောင်း နှစ်ဦးနှစ်ဘက်လူသိရှင်ကြားပြောဆိုသည့် အဆင့်သာ ရှိပါသေးသည်။ ထိုအချိန်တွင် စွပ်စွဲသူကို “အပြစ်ပေးသကဲ့သို့” ချုပ်နှောင်ထားခြင်းမှာ မသင့်မြတ်ပေ။ ချွတ်ယွင်းချက် ရှိနေသော ပုဒ်မ ၆၆ (ဃ)ကို သုံးစွဲမိသည့်အတွက် ချုပ် နှောင်ခံရသူဘက်က နစ်နာသကဲ့သို့၊ တရားစွဲသူဘက်ကလည်း ဂုဏ်သိက္ခာကျပါသည်။

(၁၃) အမှုကို ပုဂ္ဂိုလ်ရေးဖြင့် ကြည့်သော် အရေးမကြီးဟု မြင်ရသည်။ သို့သော် အမှုတွင် ပါဝင်ပတ်သက်နေသူတို့ကို မဏ္ဍိုင်ရှုထောင့်က ကြည့်လျှင် အလွန်အရေးကြီးသည်။  ဥပဒေပြုရေး မဏ္ဍိုင်၏အားနည်းချက်ကြောင့် မပြင်ဆင်နိုင်သေးသော ဥပဒေတခုကို အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့က အသုံးပြုမိခြင်းသည် မီဒီယာမဏ္ဍိုင်ကို အားနည်းသွားစေလိမ့်မည်။ မီဒီယာမဏ္ဍိုင်အားနည်းလျှင် ဒီမိုကရေစီ ကူးပြောင်းရေး နှောင့်နှေးမည်။ စိုးရိမ်စရာတွေချည်း ဖြစ်ပါသည်။

(၁၄)  မီဒီယာသည် ဒီမိုကရေစီ၏ မိတ်ဖက်ဖြစ်ပါသည်။ မရှိမဖြစ်လိုအပ်သော မဏ္ဍိုင်တခု ဖြစ်ပါသည်။ မိတ်ဆွေအဆင့်တွင် ထားရမည့် မဏ္ဍိုင်ဖြစ်ပါသည်။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်းသည် အကောင်းဆုံးနိုင်ငံရေးဖြစ်သကဲ့သို့ မိတ်ဆွေကို ရန်သူ ဖြစ်အောင်လုပ်ခြင်းသည် အဆိုးဆုံး နိုင်ငံရေးဖြစ်သည်ကို မမေ့အပ်ပါ။          ။

မောင်သာမည

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013