Home မြန်မာသတင်း ရန်ကုန်မြို့ပတ်ရထားခ ၁၀ ဆတက်
ရန်ကုန်မြို့ပတ်ရထားခ ၁၀ ဆတက်
ပီတာအောင်
·
November 9, 2011
train ရန်ကုန်မြို့တွင်းနဲ့ဆင်ခြေဖုံးမြို့နယ်တွေကို ပြေးဆွဲနေတဲ့ မြို့ပတ်ရထားခနှုန်းတွေကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ၁၀ ဆတိုးမြှင့်လိုက်တယ်လို့မြန်မာ့မီးရထားဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
မြို့ပတ်ရထားခ လူတဦးလျှင် ၁၀ ကျပ်သတ်မှတ်ထားရမှ ကျပ် ၁၀၀ ထိ တိုးမြှင့်လိုက်တာဖြစ်ပြီး လက်မှတ် တစောင်ဝယ်ယူထားရင် အသွားအပြန် စီးနိုင်မယ်လို့သိရပါတယ်။
ရထားခတိုးမြှင့်ရတဲ့ကြောင်းရင်းနဲ့ပတ်သက်ပြီး ရန်ကုန်ဘူတာကြီးက အဆင့်မြင့် အရာရှိတဦးက ခုလို ပြောပါတယ်။
“ဆီဈေး ၁၅၀ တုန်းက သတ်မှတ်ထားတဲ့ နှုန်းထားတွေလေ။ အခုကျတော့ ဆီဈေး ၃၀၀၀ ကျော်သွားပြီလေ။ အဲဒါကြောင့် အရမ်းရှုံးတော့တာပေါ့။ တကယ်တမ်းကျတော့ ကျနော်တို့က ၃ ဆပဲ တက်သွားတာလေ။ ဆီဈေးက အဆ ၂၀ တက်သွားတာ။ အရှုံးကာမိသွားတာပေါ့။ နည်းနည်းကာမိအောင် လုပ်ရတာ။”
မြန်မာ့မီးရထားဌာနဟာ ရန်ကုန်မြို့ပတ်ရထားကို နေ့စဉ် နံနက် ၄နာရီကနေ ည ၁၀ နာရီအထိ တနေ့ကို မြို့ပတ်ရထားတွဲအစီးရေ ၂၀ ကျော်နဲ့ခေါက်ရေ ၂၀၀ ခန့် ပြေးဆွဲနေပြီး တနေ့ကို ခရီးသည်ပေါင်း ၁ သိန်းကျော်လောက် စီးနင်းအသုံးပြုတာပါ။
ရထားခတွေ ခုလိုတိုးမြှင့်လိုက်တဲ့အပေါ် ဆင်ခြေဖုံးနဲ့ မြို့သစ်တွေမှာ နေထိုင်သူတွေ၊ အထူးသဖြင့် ဈေးနှုန်းသက်သာတဲ့ မြို့ပတ်ရထားကို အားထားပြီး ခရီးသွားနေကြတဲ့ လက်လုပ်လက်စား ဆင်းရဲသားတွေရဲ့ ဝင်ငွေထိခိုက်နစ်နာဖို့ရှိနေတယ်လို့ခရီးသည်တွေကပြောပါတယ်။
မြို့ပတ် ရထားစီးခရီးသည်တဦးဖြစ်တဲ့ ဦးသုဝေက “အမှန်ကတော့ ဒီလို မြို့ပတ်ရထားတို့ဆိုတာ အစိုးရ အဆက်ဆက်ပေါ့ဗျာ။ အရင် အင်္ဂလိပ်ခေတ်ကတည်းက စပြီးတော့ ဆင်းရဲတဲ့ လူထုအတွက်ကို တမင်ကို လျှော့ပြီးတော့ ထားပေးရတာ။ အခုမှ တခါတည်း ၁၀ ဆတိုးလိုက်တယ်ဆိုတော့ လူတွေက နည်းနည်း ညည်းနေကြပြီ ဘယ်လိုလုပ်ရမယ် မပြောတတ်ဘူး” လို့ ပြောပါတယ်။
ဒါပေမယ့် မြို့ပြင်ကနေ ရန်ကုန်မြို့ထဲကို ခရီးသွားရင် ဘတ်စကားခ အနည်းဆုံး ကုန်ကျစရိတ် အသွားအပြန် ကျပ် ၅၀၀ လောက် ရှိနေတာမို့ ခုလို ရထားခတွေ ကျပ် ၁၀၀ တိုးသွားပေမယ့် ရထားစီးသူ အရေအတွက် လျော့ကျသွားဖွယ်တော့ မရှိဘူးလို့ ဆိုပါတယ်။
အလားတူ ရန်ကုန်နဲ့အခြားမြို့တွေကိုပြေးဆွဲနေတဲ့ စာပို့ရထား၊ လော်ကယ်ရထား စတဲ့ အခြေခံလူထုတွေ အသုံးပြုနေတဲ့ ရထားခတွေလည်း ၃ ဆ တိုးမြှင့်လိုက်ပါတယ်။ ဒါပေမယ့် ရန်ကုန်-မန္တလေး အထူးအမြန်ရထားခကတော့ ၂ ဆလောက်ပဲ တက်သွားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ မြို့ပတ်ရထားကို အရှုံးခံပြေးဆွဲ ပေးနေတာ ဖြစ်ပြီး လောင်စာဆီဖိုးဟာ ရထားပြေးဆွဲဖို့ကုန်ကျစရိတ်ရဲ့ တဝက်ကျော် ရှိကြောင်းနဲ့ လူတဦး ရထားစီးတိုင်း ၅၅ ကျပ် အစိုးရက ရှုံးနေတယ်လို့ ဩဂုတ်လကုန်က စာနယ်ဇင်းတွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့ဖူးပါတယ်။
မြို့ပတ်ရထားအတွက် လစဉ်ကုန်ကျစရိတ် ကျပ်ငွေ ၂၆၁ သန်းရှိပြီး ဝင်ငွေက ၄၂ သန်းရှိတယ်လို့လည်း မြန်မာ့မီးရထားက သတင်းထုတ်ပြန်ထားပါတယ်။
တဖက်မှာလည်း ရန်ကုန်မြို့ပတ်ရထားကို ပုဂ္ဂလိကလက် လွှဲပြောင်းလုပ်ပိုင်ခွင့် ပေးမယ်လို့ သတင်းတွေထွက်နေတာ လအတန်ကြာရှိနေပြီဖြစ်ပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်တာ မတွေ့ရသေးပါဘူး။
ဆက်စပ်သတင်းများ