DVB Logo
Home
မေးမြန်းခန်း
ဆင်း​ရဲမှု​ဖြေရှင်း​ရေး​အတွက် ​ငွေ​ကြေး​ကဏ္ဍ စတင်ပြုပြင်ရမယ် (အီး​ယူသံအမတ်ကြီး​နှင့်​မေး​မြန်း​ချက်)
DVB
·
November 9, 2011
ဆင်း​ရဲမှု​ဖြေရှင်း​ရေး​အတွက် ​ငွေ​ကြေး​ကဏ္ဍ စတင်ပြုပြင်ရမယ် (အီး​ယူသံအမတ်ကြီး​နှင့်​မေး​မြန်း​ချက်)
1 / 2
Donate to DVB

ဥ​ရောပသမဂ္ဂက မြန်မာနိုင်ငံမှာ လက်ရှိ​ပြောင်း​လဲမှု​တွေကို အား​ပေး​ ​ထောက်ခံ​နေပြီး​ ဘဏ္ဍာ​ရေး​ကဏ္ဍ ပြုပြင်​ပြောင်း​လဲ​ရေး​အတွက် နည်း​ပညာ အကူအညီ​တွေ ​ပေး​သွား​မယ်လို့​ အီး​ယူ- သံအမတ်ကြီး​ ​ပြောလိုက်ပါတယ်။

အီး​ယူနဲ့​ မြန်မာအစိုး​ရတို့​ ပူး​ပေါင်း​ပြီး​ ဘဏ္ဍာ​ရေး​ဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ပထမဆုံး​အကြိမ် ပြုလုပ်အပြီး​မှာ မြန်မာနိုင်ငံဆိုင်ရာ အီး​ယူ-သံအမတ်ကြီး​ ​ဒေး​ဗစ်လစ်မင်း​က ဒီလို​ပြောကြား​လိုက်တာပါ။

[caption id="attachment_17573" align="alignright" width="245" caption="ဒေးဗစ်လစ်မင်း​"][/caption]

ဆင်း​ရဲမှု​လျှော့​ချ​ရေး​၊​ ဘဏ်လုပ်ငန်း​နဲ့​ အရင်း​အနှီး​ဈေး​ကွက် ဖြစ်ထွန်း​ပြောင်း​လဲ​ရေး​တို့​အတွက် အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ရန်ကုန်မှာ နိုဝင်ဘာ ၇-၈ နှစ်ရက်ကျင်း​ပသွား​ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်း​ရဲမှုကို ​ဖြေရှင်း​ရေး​အတွက် ​ငွေ​ကြေး​ကဏ္ဍကို စတင်ပြုပြင်ရမှာပါလို့​ အီး​ယူသံအမတ်ကြီး​က ​ပြောပါတယ်။ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ​ကြောင့်​ မြန်မာအစိုး​ရကို အီး​ယူ-ဥ​ရောပသမဂ္ဂက စီး​ပွား​ရေး​ ပိတ်ဆို့​ဒဏ်ခတ်ထား​တာပါ။

မြန်မာအစိုး​ရအဆက်ဆက်က အိုင်အမ်အက်ဖ် - နိုင်ငံတကာ ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ ပဋိညာဉ်ကို ချိုး​ဖောက်ပြီး​ နိုင်ငံခြား​ငွေလဲနှုန်း​ကို အမျိုး​မျိုး​သတ်မှတ်ပြီး​ ​ငွေလွှဲစနစ်ကိုလည်း​ ကန့်​သတ်ထား​ခဲ့​ပါတယ်။ ခု​တော့​ ဒါ​တွေကိုပြုပြင်ဖို့​ အိုင်အမ်အက်ဖ်က မြန်မာနိုင်ငံကို အရင်လက လာ​ရောက်​လေ့​လာသွား​ပြီဖြစ်ပါတယ်။

အီး​ယူကလည်း​ ဘဏ္ဍာ​ရေး​ကဏ္ဍအတွက် အကူအညီ​ပေး​မယ်လို့​ ဆိုတဲ့​အတွက် အီး​ယူသံအမတ်ကြီး​ ​ဒေး​ဗစ်လစ်မင်း​ကို ကို​နေထူး​က ဆက်သွယ်​မေး​မြန်း​ ထား​ပါတယ်။ အလုပ်ရုံ​ဆွေး​နွေး​ပွဲက​နေ ဘယ်လိုရလဒ်​တွေ ​ပေါ်ထွက်ပါသလဲဆို​တော့​ အီး​ယူသံအမတ်ကြီး​က ခုလို စတင်​ဖြေကြား​ပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိ​ပြောင်း​လဲ​နေတာ​တွေကို အီး​ယူက အား​ပေး​ထောက်ခံ​နေတယ်ဆိုတာ အရင်ဆုံး​ပြောချင်ပါတယ်။ ဒီအလုပ်ရုံ​ဆွေး​နွေး​ပွဲဟာ မှတ်မှတ်သား​သား​ရှိပါတယ်။ ဥ​ရောပတိုက်က ​ငွေ​ကြေး​နဲ့​ ဘဏ်လုပ်ငန်း​တို့​က ထိပ်တန်း​ပညာရှင်​တွေ ပါဝင်တက်​ရောက်ပါတယ်။ ဘဏ္ဍာ-အခွန်ဝန်ကြီး​၊​ ဗဟိုဘဏ်ဥက္ကဋ္ဌ၊​ အမျိုး​သား​စီမံကိန်း​ ဒု-ဝန်ကြီး​ စတဲ့​ပုဂ္ဂိုလ်​တွေ တက်​ရောက်သလို ဧည့်​သည်​တော်အဖြစ် ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ တက်​ရောက်ပါတယ်။ ဒါဟာ ကြုံ​တောင့်​ကြုံခဲ အခွင့်​အ​ရေး​ပါ။ ပွင့်​လင်း​မြင်သာမှုရှိရှိ နဲ့​ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ကြပါတယ်။”

ဒီအလုပ်ရုံ​ဆွေး​နွေး​ပွဲရဲ့​ အကျိုး​ဆက်နဲ့​ ​နောက်ဆက်တွဲ ဘာ​တွေ​ဆောင်ရွက်မလဲ။

“​နောက်ဆက်တွဲက​တော့​ ဘဏ္ဍာ​ရေး​ဝန်ကြီး​၊​ ဗဟိုဘဏ်ဥက္ကဋ္ဌ စတဲ့​ မြန်မာတာဝန် ရှိသူ​တွေရဲ့​လက်ထဲမှာ ရှိပါတယ်။ အဆိုပြုအကြံပြုချက် ၁၇ ချက်နဲ့​ လက်​တွေ့​ဆောင်ရွက်ဖို့​ အကြံပြုချက်​တွေရှိပါတယ်။ ဒါ​ကြောင့်​ အစိုး​ရက ဘာဆက်လုပ်မလဲဆိုတာ ကြည့်​ရမှာပါ။ သူတို့​က လက်ခံဖို့​အသင့်​ရှိပါတယ်။”

အီး​ယူက ​နောက်ဆက်တွဲအ​နေနဲ့​ ဘာ​တွေ ကူညီသွား​ဖို့​ရှိပါသလဲ။

“အထူး​သဖြင့်​ သူတို့​က ဗဟိုဘဏ်မှာ တာဝန်ထမ်း​ဆောင်​နေသူ​တွေအတွက် သင်တန်း​တွေနဲ့​ နည်း​ပညာအကူအညီ​တွေ​ပေး​ဖို့​ ​တောင်း​ဆိုကြပါတယ်။ ကျ​နော်တို့​ဘက်က ဘာ​တွေကူညီနိုင်မလဲဆိုတာ စစ်​ဆေး​ကြည့်​သွား​မှာပါ။ ဒီအလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ နိုင်ငံတကာ​ငွေ​ကြေး​အဖွဲ့​အစည်း​တွေလည်း​ တက်​ရောက်ပါတယ်။ ဒါ​ကြောင့်​ အီး​ယူတင်မက နိုင်ငံတကာ ဘဏ္ဍာ​ရေး​အဖွဲ့​အစည်း​တွေကပါ နည်း​ပညာပိုင်း​ အကူအညီ​တွေ ​ပေး​သွား​နိုင်ပါ တယ်။”

မြန်မာနိုင်ငံက ဘဏ္ဍာ​ရေး​ကဏ္ဍနဲ့​ ဘဏ်စနစ်မှာ အဓိက​ဖြေရှင်း​ရမှာက ဘာလို့​ မြင်ပါသလဲ။

“ရှင်း​နေတာက​တော့​ ​ငွေလဲနှုန်း​တခုတည်း​ဖြစ်​အောင် သတ်မှတ်​ရေး​ပါပဲ။ ​ငွေအရင်း​အနှီး​ဈေး​ကွက်ကို လွတ်လပ်ခွင့်​ပေး​ရေး​အတွက် ရှုပ်​ထွေး​ခက်ခဲ့​တဲ့​ အချက်​တွေ အများ​ကြီး​ ရှိတာကိုလည်း​ ကြည့်​ရမှာပါ။ တခါတည်း​လုပ်သွား​လို့​လည်း​ မရပါဘူး​။ အများ​ကြီး​ ​လေ့​လာ ရဦး​မှာဖြစ်ပြီး​ တဆင့်​ချင်း​ ​ဆောင်ရွက်သွား​ရမှာ​တွေပါ။ လုပ်စရာ​တွေက​တော့​ အများ​ကြီး​ရှိပါတယ်။ ကျ​နော်​ပြောခဲ့​သလိုပါပဲ ကျ​နော်တို့​က​တော့​ တတ်နိုင်သမျှ ကူညီဖို့​ အသင့်​ပါပဲ။”

အီး​ယူက ချမှတ်ထား​တဲ့​ ပိတ်ဆို့​ဒဏ်ခတ်အ​ရေး​ယူမှုက​ကော။ ဘယ်​တော့​ ပယ်ဖျက်ဖို့​ ဖြစ်လာနိုင်ပါသလဲ။

“ပိတ်ဆို့​အ​ရေး​ယူမှုက​တော့​ ရှုပ်​ထွေး​နက်နဲတဲ့​ကိစ္စပါ။ မကြာ​သေး​ခင်ကပဲ ကျ​နော်တို့​က ဝန်ကြီး​အဆင့်​ လာ​ရောက်မှု​တွေကို ခွင့်​ပြုတဲ့​ ဆုံး​ဖြတ်ချက်ကို ချခဲ့​ပြီး​ အ​ရေး​ယူမှုကို ​ပြောင်း​လဲ​လျှော့​ပေါ့​ထား​ပါတယ်။ ပြီး​ခဲ့​တဲ့​ ဧပြီလမှာ ချခဲ့​တဲ့​ ဒီဆုံး​ဖြတ်ချက်အရ လူသား​ချင်း​စာနာမှု အကူအညီ​ပေး​ရေး​ဆိုင်ရာ ​ကော်မရှင်နာ ခရစ္စတာလီနာ ​ဂျော်ဂျီဗာ Kristalina Georgieva မြန်မာနိုင်ငံကို လာ​ရောက်သွား​ပြီဖြစ်သလို၊​ လွန်ခဲ့​တဲ့​ရက်ပိုင်း​ကလည်း​ ဂျာမဏီလက်​ထောက် နိုင်ငံခြား​ရေး​ဝန်ကြီး​ လာ​ရောက်သွား​ပါပြီ။ ​ရှေ့​အပတ်မှာလည်း​ ယူ​ကေနိုင်ငံက ဖွံ့​ဖြိုး​ရေဆိုင်ရာဝန်ကြီး​ လာ​ရောက်ဖို့​ရှိပါတယ်။ ဒါ​ကြောင့်​ ထိ​တွေ့​ဆက်ဆံ​ရေး​အတွက် ကျ​နော်တို့​က တွန်း​အား​ပေး​ဆောင်ရွက်​နေပါတယ်။

“ဒါ့​အပြင် နိုင်ငံခြား​ရေး​ ဝန်ကြီး​နဲ့​ စစ်​ရေး​နောက်ခံမရှိတဲ့​ ဝန်ကြီး​တွေ အပါအဝင် မြန်မာအစိုး​ရ အရာရှိတချို့​အ​ပေါ် ပြည်ဝင်ခွင့်​ဗီဇာ ပိတ်ပင်ထား​တာကိုလည်း​ ​ဖြေ​လျှော့​ပေး​ထား​ပါတယ်။ ကျ​နော်တို့​က အမြဲ​ပြောခဲ့​သလိုပဲ အ​ခြေခံ ဖွံ့​ဖြိုး​တိုး​တက်​ပြောင်း​လဲမှု​တွေကို အ​ခြေခံပြီး​ တုံ့​ပြန်သွား​မှာပါ။ လက်ရှိမှာ အီး​ယူက ဒီလိုတုံ့​ပြန်တဲ့​ မူဝါဒကို ဆက်ပြီး​ အ​ကောင်အထည်​ဖော်​နေပါတယ်။ ဒါ​ပေမယ့်​ ရှင်း​ရှင်း​လင်း​လင်း​ ​ပြောချင်တာက​တော့​ ကျ​နော်တို့​ကြည့်​တဲ့​ အချက်​တွေထဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ လွတ်​မြောက်​ရေး​အတွက် အာမခံချက် ရ​ရေး​ပါပဲ။ ဒါကို ကျ​နော်တို့​ ရှင်း​ရှင်း​လင်း​လင်း​ သိထား​သလို ပိတ်ဆို့​ ကန့်​သတ်ချက်​တွေကို ပြန်ပြီး​သုံး​သပ်​ရေး​မှာ ဒီအချက်ဟာ အ​ရေး​ကြီး​တဲ့​တချက်ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013