အမေရိကန်မှာ လက်နက်ခဲယမ်း ပြတ်လပ်နေတယ်ဆိုတဲ့ သတင်းတွေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ် ၆ ရက်မှာ ငြင်းဆိုလိုက်ပြီး သတင်းပေါက်ကြားသူတွေကို နှစ်ရှည်ထောင်ဒဏ် ကျခံရအောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
အမေရိကန်မှာ ခဲယမ်းအမျိုးအစားတချို့ အမြောက်အမြား ရှိနေသေးပြီး လိုအပ်သလို ထုတ်လုပ် ပို့ဆောင်နေတယ်လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ ရေးပါတယ်။
အီရန်နဲ့ စစ်ပွဲ ၆ လမြောက်လာပြီး ငြိမ်းချမ်းရေးရဖို့ ဝေးကွာနေချိန်မှာ အမေရိကန်စစ်တပ်ရဲ့ လက်နက်သိုလှောင်မှု အခြေအနေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ပိုများလာနေပါတယ်။
Operation Epic Fury စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲ အပြန်အလှန် တိုက်ခိုက်မှုတွေမှာ ထုတ်လုပ်ရခက်တဲ့ တာဝေးပစ် တိကျပစ်ဒုံးကျည် အများအပြားကို သုံးစွဲခဲ့တယ်လို့ CBS သတင်းဌာနက သတင်းရင်းမြစ် ၂ ယောက်ကို ကိုးကားဖော်ပြပါတယ်။
ဝါရှင်တန်ပို့စ် သတင်းစာကလည်း လက်နက်ပြတ်လပ်နိုင်မှုနဲ့ပတ်သက်ပြီး ထရမ့်ပ်က ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်ကို ပြီးခဲ့တဲ့အပတ်က ထိပ်တိုက်မေးခွန်းထုတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ထရမ့်ပ်ကတော့ အဲဒီသတင်းတွေကို အတုအယောင်လို့ ပယ်ချပြီး ဝန်ကြီး ဟဂ်ဆီသ်ရဲ့ လုပ်ဆောင်ချက်တွေကို ကျေနပ်တယ်လို့ ပြောပါတယ်။
CSIS အဖွဲ့ရဲ့ ခန့်မှန်းချက်အရ ဇူလိုင်လကုန်မှာ အမေရိကန်ဆီ ပက်ထရီးယော့ ကြားဖြတ်ဒုံးကျည် ၇၅၉ လုံးကနေ ၈၂၇ လုံးကြားသာ ကျန်ရှိတော့ပြီး စစ်မဖြစ်ခင်ကထက်စာရင် သုံးပုံတပုံလောက်သာ ကျန်ရှိပါတော့တယ်။
သာ့ဒ်ကြားဖြတ်ဒုံးကျည် ၆၀ ရာခိုင်နှုန်းလောက်ကိုလည်း သုံးစွဲခဲ့ပြီးဖြစ်လို့ ဒီလက်နက်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းဖို့ ခက်ခဲနေပါတယ်။
အီရန်စစ်ပွဲအပြင် ယူကရိန်းအတွက်ပါ ပက်ထရီးယော့ ဒုံးကျည်တွေ ပံ့ပိုးပေးနေရတာကြောင့် အမေရိကန်ရဲ့ လက်နက်သိုလှောင်မှုအပေါ် ဖိအားတွေ ဆက်ရှိနေပါတယ်။
Source: Reuters










