DVB Logo
Home
Lead Story
ထရမ့် ဘာလို့ နိုင်သလဲ
DVB
·
November 11, 2016
Donate to DVB

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရင့်သီးကြမ်းတမ်းပြီး လက်လွတ်စပယ် ပြောတတ်တဲ့ သူ၊ အသက်လည်းကြီးတဲ့သူ၊ ထင်မထားသူ ဘာလို့ နိုင်သလဲ။ ဒေါ်နယ်ထရမ့်ကို ‘စီအင်အင်’၊ ‘ဘီဘီစီ’၊ ‘အယ်လ်ဂျာဇီးရာ’ လို ကမ္ဘာ့ထိပ်တန်းမီဒီယာတွေကအစ မျှော်လင့်မထားခဲ့ကြပါ။ ဒါပေမယ့် တရားဝင်မဲပေးခွင့် ရှိသူတွေက တရားသဖြင့် ရွေးပေးလိုက်တာကို ဟယ်လာရီကိုယ်တိုင် ညတွင်းချင်း ဝန်ခံပြီး ဒေါ်နယ်ထရမ့်ကို ချီးကျူးစကားပြောပြီးပါပြီ။ ပြိုင်ဘက်နှစ်ဦးလုံးကနေ ဒီမိုကရေစီသံစဉ်နဲ့အညီ နယူးယောက်ဟိုတယ်တွေကနေ ပြောကြပါတယ်။ အဲဒီတေးဂီတကို မြန်မာပြည်က အတော်အားကျကြတယ်။

ဒေါ်နယ် ဘာကြောင့် နိုင်သလဲ။ အမေရိကမှာ အဓိကပါတီကြီး နှစ်ခုတို့ဟာ သူတလှည့် ကိုယ်တလှည့် နိုင်ကြတဲ့ အစဉ်အလာ ရှိထားတယ်။ ဟယ်လာရီကလင်တန်ဟာ သမိုင်းတွင်မယ့် ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ရေးသာမက ဒီအစဉ်အလာကို ကျော်တက်ဖို့အထိ ကြိုးစားခဲ့ပါတယ်။ မဲရလဒ်တွေအပြီး နှစ်ဆယ့်လေးနာရီအတွင်း တုံ့ပြန်ချက်တွေကတော့ နှစ်မျိုးတည်းသာ ရှိပါတယ်။ အောင်ပွဲခံသူတွေနဲ့ ကြေကွဲမှုတွေဟာ ယဉ်ကျေးမှုအရ ထိန်းချုပ်ထားကြပေမယ့် သိသာပါတယ်။

ဒုသမ္မတလောင်း ‘မိုက်ပင့်စ်’ ရဲ့ အင်ဒီယာနာပြည်နယ်ဟာ ရီပတ်ဘလီကင်နယ်မြေ ဖြစ်လို့ စောစောစီးစီး ‘အီလက်တိုရယ်ကောလိပ်’ ၁၁ မှတ် ရတာ မဆန်းပါ။ အဲဒီမှာ မြန်မာလူမျိုး အများစု နေကြပါတယ်။ မဲပေးခွင့်ရှိသူကတော့ မများလှပါ။ မှတ်တမ်းတွေ ရှာကြည့်တော့ ဗမာတွေ များတဲ့ ‘မာရီယွန် ကောင်တီ’မှာ ဟယ်လာရီ နိုင်ပါတယ်တဲ့။

ဒေါ်နယ်ထရမ့်ကို မဲပေးကြသူတွေမှာ အမျိုးသမီး နည်းတယ်။ လူငယ် နည်းတယ်။ တခြား တိုင်းပြည်က လာနေသူတွေ နည်းတယ်။ ဒေါ်နယ်ထရမ့် - ကလင်တန် (အမျိုးသား ၅၃% - ၄၁%၊ အမျိုးသမီး ၄၂% - ၅၄%၊ လူဖြူ ၅၈% - ၃၇%၊ လူမည်း ၈% - ၈၈%၊ အာရှတိုက်သား ၂၉% - ၆၅%၊ စပိန်စကားပြော ၂၉% - ၆၅%၊ အခြားစကားပြော ၃၇% - ၅၆%)။

ရွေးကောက်ပွဲအပြီး နောက်နေ့ ကျနော် အင်္ဂလိပ်စာ ကူသင်နေတဲ့ကျောင်းမှာ မြန်မာ ကျောင်းသားတဦးက သူတို့ဆရာမ ကနေ့ ကျောင်းမလာတာ ရွေးကောက်ပွဲမှာ သူ ထင်တာ ရှုံးလို့နေမယ်လို့ ရယ်စရာပြောတယ်။ ကျနော့်အတန်းက မြန်မာပြည်က ကျောင်းသားတယောက် တော့ ပုံပြင်မဖတ်မီ အရုပ်လေးတွေမှာ စာလုံးနဲ့ ဝါကျရေးခိုင်းတော့ ပုံထဲပါ အာဖရိတိုက်က တောသားမိသားစုပုံမှာ ‘ထရမ့်’မိသားစုလို့သာ ရေးတယ်။ သူက ထရမ့်လူ။ ကျောင်းသားတွေကို အင်္ဂလိပ်စကားပြောကျင့်ရာမှာလည်း သမ္မတရွေးပွဲအပေါ် အမြင်တွေကို ပြောစေတယ်။

မြန်မာပြည်က ကျောင်းသားထဲမှာ တယောက်ကလွဲရင် ခရစ်ယာန်တွေ ဖြစ်ကြတော့ ဘာသာရေးကြောင့်တဲ့။ ကိုယ်ဝန်ဖျက်တာနဲ့ လိင်တူလက်ထပ်တာကို မကြိုက်ကြလို့ ဖြစ်မယ်လို့ အကြောင်းပြချက် ပေးကြတယ်။ အဲဒါကို သဘောမတူတဲ့ မြန်မာပြည်က ခရစ်ယာန်ဘာသာဝင် ကျောင်းသားကတော့ ဒေါ်နယ်ထရမ့် ‘ခရေးဇီး’တဲ့။ ဆီးရီးယားက လာတဲ့ ဒုက္ခသည် ကျောင်းသူတွေကတော့ သူတို့ သိတဲ့ စကားလုံးနဲ့ ‘ဆက်ဒ်’ တဲ့။ အမေရိကန်နိုင်ငံသူ ဆရာမ တယောက်ကို စပ်စုတော့ ကျမ ထင်တာ ဟယ်လmရီကို မကြိုက်ကြဘူး။ သူ့ယောက်ျား အိမ်ဖြူတော်ဇာတ်လမ်း ရှိတယ်။ နောက်ပြီး အမေရိကန်တွေဟာ အမျိုးသမီးကို သမ္မတတင်ဖို့ ရာနှုန်းမပြည့်သေးဘူးတဲ့။

ကျနော် မြင်တာက ကမ္ဘာ့အခင်းအကျင်း ဖြစ်ပါတယ်။ ထရမ့်က ‘ရီးယဲလ်အက်စ်တိတ်’ စီးပွားရေးသမား ဖြစ်တယ်။ အမေရိကန်စီးပွားရေးကြီးထဲကို တရုတ်ကြီးက ထိုးဖောက်ရုံသာမက တဖက်စောင်းနင်း အသာစီးရနေတယ်လို့ မြင်တာကို မလိုလားသူ များလို့။ ထရမ့်က ကုန်သွယ်ရေး စာချုပ်တွေကို ပြန်ပြင်ပါမယ်။ သူနဲ့ သဘောတူသူတွေ များလို့။

နောက်တချက်က အရှေ့အလယ်ပိုင်းကို ဗဟိုပြုထားတဲ့ ဘာသာရေး အစွန်းရောက်မှုကို တကယ်စိုးရိမ်သူတွေ များလာလို့ ဖြစ်တယ်။ ဒေါ်နယ်ထရမ့် ဘယ်လို စကားပြောကြမ်းကြမ်း၊ ဘယ်လို တောင်စဉ်ရေမရ ပြောပြော ဒီမိုကရက်တွေရဲ့ အကြမ်းဖက်မှုကို နှိမ်နင်းရာမှာ ခပ်ပျော့ပျော့နည်းကို အားမရကြသူတွေ ဖြစ်ပါတယ်။ အိုစမာဘင်လာဒင်ကိုတော့ ဒီမိုကရက် သမ္မတက သုတ်သင်ခဲ့တာပါ။ အမေရိကန်သမ္မတတိုင်း စစ်တိုက်ကြပါတယ်။ နောက်လူက ‘အိုင်အက်စ် အိုင်အက်စ်’ ကို စစ်ခင်းချင်နေသူပါ။

ရွေးကောက်ပွဲမတိုင်ခင်ကြားထဲမှာ အစ္စလာမ္မစ် အစွန်းရောက်တိုက်ခိုက်မှု တခုခုသာ ဖြစ်ခဲ့ရင် ဒေါ်နယ်ထရမ့်ကို သမ္မတ တင်ကြလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်ကို ကျနော် အစောကြီးကတည်းက ရေးခဲ့တာပါ။ နိုင်ငံရေးဖြစ်စဉ်တွေမှာ တမင်တကာဖန်တီးပြီး မဲရအောင် လုပ်နည်းမျိုး မြန်မာပြည်သားတွေအဖို့ အဝေးသွားကြည့်ဖို့မလိုပါ။ ၂ဝ၁၆ အမေရိကန် ရွေးကောက်ပွဲမှာတော့ တကယ့်အဖြစ်အပျက်လည်း မဖြစ်ခဲ့သလို ဖန်တီးမှုလည်း မရှိဘဲ ဒေါ်နယ်ထရမ့် နိုင်ပါတယ်။ တကယ်တော့ အမေရိကဟာ ၉/၁၁ နောက်မှာ ဥရောပလောက် မခံရသေးပါ။

နောက်တချက်ကတော့ ‘ဘရစ်ဆစ်’ ခေါ် ‘အီးယူ’ ထဲကနေ ဗြိတိန်ခွဲထွက်တာရဲ့ ရိုက်ခတ်မှု။ ကိုယ်ကျိုးစီးပွားကို နောက်အဓိပ္ပာယ်ထပ်ဖွင့်လာတာ ဖြစ်ပါမယ်။ အဲဒါမှန်ရင် အမေရိကန် ပြည်ထောင်စုအတွက် အလားအလာ မကောင်းပါ။ နေ့ချင်းပဲ ဒီမိုကရက်တွေရဲ့ အခိုင်အမာ ကာလီဖိုးနီးယားမှာ ‘ဘရစ်ဆစ်’ အသံထွက်လာပါတော့တယ်။ စိတ်လှုပ်ရှားမှုအခြေခံ တုံ့ပြန်ချက်တော့ ဖြစ်နိုင်ပါတယ်။ အများစု ၄ နှစ် စောင့်ကြမှာပါ။

ဒေါ်နယ်ထရမ့်ကို လူဖြူတွေနဲ့ အရွယ်ရောက်ပြီး ယောက်ျားတွေက အများဆုံး မဲပေးခဲ့ကြတာပါ။ ဥရောပကနေ လာကြတဲ့ လူဖြူတွေသာနဲ့ တည်ထောင်ထားတဲ့ အမေရိကန် တွေရဲ့ လူဖြူ အတ္တကြီးမားမှုနဲ့ အင်အားကြီးခြင်း မာနကို ရွှေရည်စိမ်ချင်လို့ ဖြစ်နိုင်ပါတယ်။ ‘မဲ့လ်တင်းပေါ့’ ဆိုပြီး အမည်တွေအစုံကို သမအောင် ရောကျိုထားတဲ့ ဟင်းရည်အိုးနဲ့ တူတယ်လို့ တင်စား ဂုဏ်ယူနေခဲ့ရာကနေ ဝက်ပေါင်ခြောက် သီးသန့်၊ ဟမ်ဘာဂါသီးသန့်သာ စားတော့မယ်၊ မက်စီကန် ငရုတ်နဲ့ တရုတ်ခေါက်ဆွဲကို ပွဲတော်မတည်တော့ဘူးလို့ လုပ်ချင်သူတွေက လုပ်တော့မယ်။

ဒါပေမယ့် တရုတ်ရဲ့ ခေါင်းရော ကိုယ်ပါ ဝင်တာ ခံနေရတာနဲ့ နာမည်တမျိုးပြီးတမျိုးနဲ့ တိုးသာလာနေတဲ့ ဘာသာရေး အစွန်းရောက်မှုတွေကို သမ္မတသစ်ဟာ သူ ပြောသလို ထိန်းချုပ်နိုင်ပါမလားကိုတော့ သူ့ရဲ့ဒုသမ္မတတောင် သိချင်နေမှာ ဖြစ်ပါတယ်။ အပြောနဲ့ အလုပ် အချိုးမကျခြင်းကိုတော့ သိလာဖို့ရာ ၄ နှစ် စောင့်စရာ မလိုလောက်ပါ။

ကြိုတင်ခန့်မှန်းချက်တွေ မှားကုန်တာဟာ ဘယ်သူ့ကို မဲပေးမလဲ မှန်းလို့မရတဲ့ ရာခိုင်နှုန်းက များလို့လည်း ပါတယ်။ အဲလို မှားစေတဲ့ အချက်တခုက နောက်ကွယ်က လက်ဖြူကြီး ဖြစ်ပါတယ်။ ‘ကေကေကေ’ ခေါ် လူဖြူအစွန်းရောက်အဖွဲ့ဟာ ထရမ့် အနိုင်ရရှိမှုရဲ့နောက်ကွယ်မှာ သူတို့ အစွမ်းကြီးတယ်လို့ ထုတ်ပြီးဝန်ခံလိုက်ပါတယ်။ မီဒီယာတခုက အဲလို လူမျိုးရေး အစွန်းရောက်မှု မြန်မာပြည်မှာ ဖြစ်လာဖို့ အလားအလာကို မေးပါတယ်။ မေးတဲ့သူက ၂ဝ၁၅ ရွေးကောက်ပွဲကိုတော့ နမူနာမပေးပါ။ ကျနော် ထင်တာက ရှိလည်း ကျဉ်းကျဉ်းလေးသာ ဖြစ်ပါမယ်။ တာရှည်လည်း မခံလောက်ပါ။

ချုပ်လိုက်ရင် ၁၉ နဲ့ ၂ဝ ရာစု လူ့ယဉ်ကျေးမှုကို အခြေခံပြီး၊ အမုန်းတရားနဲ့ ခြောက်လှန့်နည်းတွေနဲ့အတူ နောက်လူက ကောင်းလေမလား ဆိုတဲ့ သိပ်မရေရာလှတဲ့ မျှော်ကိုးချက်နဲ့ ဒေါ်နယ်ထရမ့်ဟာ ၄၅ ယောက်မြောက် အမေရိကန်သမ္မတ ဖြစ်လာတာ ဖြစ်ကြောင်းပါ။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013