DVB Logo
Home
မြန်မာသတင်း
ကောင်းကင်မှကျလာသည့် သတ္တုပစ္စည်းကြီးကို စစ်တပ်ကစစ်ဆေးနေ (ရုပ်သံ)
DVB
·
November 11, 2016
ကောင်းကင်မှကျလာသည့် သတ္တုပစ္စည်းကြီးကို စစ်တပ်ကစစ်ဆေးနေ (ရုပ်သံ)
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မော်စီဇာကျေးရွာမှာ မနေ့မနက်က ကောင်း ကင်ပေါ်က ကျလာတဲ့ ဆလင်ဒါပုံစံ သတ္တုပစ္စည်းကြီးနဲ့ပတ်သက်ပြီး တပ်မတော်က ဆက်လက်စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီပစ္စည်းက unknown flight (ဝေဟင်မှကျလာသည့်အမည်မသိ အပိုင်းအစ) ဆိုတော့ ကျနော်တို့ကတော့ မစစ်ဆေးနိုင်ပါဘူး၊ တပ်ကနေပြီးတော့ အဲဒါကို ဦးစီးပြီးတော့ လုပ်နေပါတယ်။ ဘယ်သူပိုင်ရှင်လဲ ဆိုတာတွေ စုံစမ်းမှာပေါ့။ ကျနော်တို့ကတော့ ပစ္စည်းရဲ့ ပုံသဏ္ဌာန်ကြီးကို ဖော်ပြပြီးတော့ အထက်ဌာနကို တင်ပြထားပါတယ်ခင်ဗျ၊ အဲဒါကြီးက သတ္တုတွေနဲ့လုပ်ထားတာ ဆိုတော့ ဂြိုဟ်တုရဲ့ အစိပ်အပိုင်းတခုလည်း ဖြစ်နိုင်ပါတယ်။ အစကတော့ ကျနော်တို့က လေယာဉ်ပျံရဲ့ အင်ဂျင်အုံကြီးလိုလိုဘာလိုလို ပုံသဏ္ဌာန်ကတူတော့ အဲလိုထင်တာပေါ့။ ဒါပေမယ့် ပန်ကာလည်း မတွေ့ဘူးဆိုတော့ ဂြိုဟ်တု အစိတ်အပိုင်းလည်း ဖြစ်နိုင်တာပေါ့။ အဲဒါကြီးက အလေးကြီးပဲ၊ ၅ တန်၊ ၆ တန်လောက် လေးမလား မသိဘူး။”

အဲဒီပစ္စည်းဟာ အချင်း ၅ ပေ၊ အရှည် ၁၂ ပေကျော်ရှိ ဆလင်ဒါပုံဖြစ်ပြီး တဘက်က ဟောင်းလောင်းဖြစ်ကာ တဘက်က အတွင်းပိုင်းမှာ ၀ိုင်ယာကြိုးတွေ၊ အမျိုအမည်မသိပစ္စည်းတွေ ထည့်ထားကြောင်း၊ ပတ်ချာလည်မှာ သတ္တုထည်နဲ့လုပ်ထားတဲ့ မူလီစ၊ လိုင်နင်စတွေ တွေ့ရှိကြောင်း ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပစ္စည်းကျလာတဲ့ နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဖားကန့် အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးတင်စိုးကလည်း ဒီဗွီဘီကို ခုလိုပြောပါတယ်။

“မြင်ဖူးသလောက်ပေါ့ဗျာ၊ ဒုံးပျံတွေဂြိုဟ်တုတွေ အာကာသထဲလွှတ်တင်တဲ့ခါ အနောက်ကနေ တွန်းအားပို့တဲ့ဟာတခုလို့ပဲ ၀ိုင်းပြီးယူဆကြတာပေါ့ဗျာ၊ အတွင်းဘက်မှာ အပူကာပစ္စည်းတွေအများကြီးပဲ။ ပြီးတော့ အင်္ဂလိပ်လို Danger နဲ့ တရုတ်လို အန္တရာယ်ရှိ သည်ဆိုတဲ့ အဓိပ္ပါယ်ပါ စာတန်းလေးရှိတယ်။  စစချင်း ကျတဲ့နေရာနဲ့ ဒီပစ္စည်းရှိတဲ့နေရာက ၁၇၀ ပေလောက်ရှိတယ်။ အဲလောက်အကွာအဝေးထိ ခုန်လာတော့ ဒါဟာတော်တော်ကို ဝေးလံတဲ့နေရာ ကနေကျလာတာလို့ ယူဆရတယ်။”

ပစ္စည်းကျတဲ့နေရာနဲ့ ပေ ၃၀ လောက်အကွာမှာ ရေမဆေးကျောက်တူးသူတွေနေတဲ့ တဲတလုံးရှိပြီး ထိခိုက်ဏ်ရာရသူမရှိကြောင်း၊ ဒေသတွင်း ခုလို ထိတ်လန့်စရာအသံနဲ့ ပစ္စည်းတွေကျလာပေမယ့် စိုးရိမ်ပူပန်စိတ်မရှိဘဲ ပုံမှန်လုပ်ကိုင်စားသောက်နေကြတယ်လို့  ဦးတင်စိုးက ပြောသွားပါတယ်။

စစ်တပ်ပိုင် မြ၀တီသတင်းမှာတော့ အဆိုပါသံထည်ပစ္စည်းဟာ  ဂြိုဟ်တု (သို့မဟုတ်) ဒုံးပျံလွှတ်တင်ရာမှာ  တွန်းကန် အားပေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ စက်အစိတ်အပိုင်းတစ်ခုဖြစ်နိုင်တယ်လို့  ယူဆရကြောင်း၊ တရုတ်နိုင်ငံမှ ဂြိုဟ်တုလွှတ်တင်ခဲ့မှုနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။

အလားတူ အဆိုပါသတ္တုပစ္စည်းကြီး ကျရောက်ခဲ့တဲ့ နေရာရဲ့ မြောက်ဘက် ၉ အာင်ဘာလေကျေးရွာရှိ လူနေအိမ်ကိုလည်း အချင်း သုည ဒသမ ၈ လက်မ၊ အလျား ၄ ဒသမ ၆ လက်မ၊ လုံးပတ် ၂ ဒသမ၅ လက်မခန့်ရှိ တရုတ်စာတွေရေးထားတဲ့ စက်ကိရိယာ အစိတ်အပိုင်းတစ်ခု ပြုတ်ကျခဲ့လို့ မီးဖိုဆောင်ခေါင်မိုး ၃ လက်မလောက် ပေါက်ပြဲပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။

တရုတ်ပြည်နိုင်ငံက မနေ့မနက် ၇နာရီ ၄၂ မိနစ်က  နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျန်ချန်း ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ ကြယ်မှုန်ရှာဖွေရေး စမ်းသပ်ဂြိုဟ်တု လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာသတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013