
အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ထံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက်သမ္မတအဖြစ် ထမ်းရွက်ရမယ့် တာဝန်သစ်တွေ အားလုံးကို အောင်အောင်မြင်မြင်နဲ့ ထမ်းဆောင်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးတဲ့အကြောင်း နိုဝင်ဘာ ၉ ရက်နေ့စွဲနဲ့ ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စာမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ တိုးတက်မှု၊ ငြိမ်းချမ်းမှုနဲ့ကြွယ်ဝချမ်းသာမှုတွေကို ပိုမိုမြှင့်တင်ဖို့နဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ဦးဆောင်ဖို့ အမေရိကန် ပြည်သူတွေက ဒေါ်နယ်ထရမ့်ကို ယုံကြည်သလို သူ့အနေနဲ့လည်း ယုံကြည်မှုရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့လည်း နှစ်နိုင်ငံအကြားရှိနေတဲ့ အပြန်အလှန်အကျိုးစီးပွားနဲ့ တက်ကြွအားကောင်းတဲ့ ဆက်ဆံရေးအတွက် ၀မ်းမြောက်ဝမ်းသာရှိနေကြတဲ့ အကြောင်း၊ နှစ်နိုင်ငံအကြားရှိထားပြီး ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်မှုနဲ့ မိတ်ဆွေဖြစ်မှုတို့ကို ပိုမိုအားကောင်းလာအောင် ရင်းရင်းနှီးနှီး အတူတကွ အလုပ်လုပ်သွားဖို့ မျော်လင့် တယ်လို့လည်း မြန်မာခေါင်းဆောင်ရဲ့ သ၀ဏ်လွှာမှာဖော်ပြထားပါတယ်။
နိုဝင်ဘာ ၈ ရက်က ကျင်းပတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အမှတ်မထင်အနိုင်ရခဲ့ပြီးနောက် မိတ်ဆွေနိုင်ငံတွေက ဂုဏ်ယူဝမ်းမြောက်ကြောင်းသ၀ဏ်လွှာတွေ အသီးသီးပေးပို့နေကြရာမှာ မြန်မာနိုင်ငံ ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ခုလို သ၀ဏ်လွှာပေးပို့လိုက်တာဖြစ်ပါတယ်။












