DVB Logo
Home
Lead Story
အမေရိကန်ပြည်သူတွေ ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် ဘာကြောင့် ရွေးခဲ့ကြ
DVB
·
November 10, 2016
အမေရိကန်ပြည်သူတွေ ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် ဘာကြောင့် ရွေးခဲ့ကြ
Donate to DVB

အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲမှာ အမျိုးသားရေးအစွန်းရောက် စကားတွေပြောပြီး မဲဆွယ်ခဲ့တဲ့ ရီပတ်ဘလန်ကင်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို အမေရိကန်နိုင်ငံသားတွေက သမ္မတအဖြစ် ရွေးချယ်လိုက်ကြပါပြီ။

ဒေါ်နယ်ထရမ့်ကို အမေရိကန်နိုင်ငံသားတွေ ဘာလို့ မဲပေး ရွေးချယ်ခဲ့ကြတာဖြစ်နိုင်ပါသလဲ။

မြန်မာနိုင်ငံက နိုင်ငံရေးပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများက လူပုဂိုလ်တချို့ရဲ့ အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ဒေါ်နယ်ထရမ့်ထံ စာရေးသားပေးပို့ပြီး အမျိုးသားလုံခြုံမှုကို အလေးထားတဲ့ ကိစ္စရပ်တွေမှာ ထပ်တူကျတယ်လို့ စာထဲမှာ ဖော်ပြလိုက်ပါတယ်။

အမေရိကန်ပြည်သူတွေကလည်း ဒေါ်နယ်ထရမ့်ကို အမျိုးသားလုံခြုံရေး အလေးထား လုပ်ဆောင်မယ်ဆိုတာကြောင့် မဲပေး ရွေးချယ်လိုက်တာဖြစ်မယ်လို့ သုံးသပ် ပြောပါတယ်။

“ကမ္ဘာကြီးက ပြောင်းလာပြီဗျ၊ ဥရောပလည်း ပြောင်းလာပြီ၊ ကြောက်လာပြီလေ၊ နေရပ်စွန့်ခွာလာကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အန္တရာယ်ကို သဘောပေါက်လာကြပြီ။ အင်္ဂလန်ကြီးတောင် ကြောက်လာပြီလေ။ ဒါကြောင့်လည်း အီးယူကနေ ထွက်တာပေါ့။ အကုန်လုံးကို ပြန်ကြည့်ရင် ကမ္ဘာကြီးမှာ အမျိုးသားလုံခြုံမှုစည်းကို လုံဖို့ ကိုယ်တံတိုင်းကိုယ် ကာဖို့ လိုပြီဆိုတဲ့သဘော၊ နိုင်ငံတိုင်း သဘောပေါက်လာကြတယ်။ အမျိုးသားရေးစွမ်းအားအပြည့်နဲ့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို လူထုကြားထဲမှာ စည်းရုံးနိုင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို အထူးသဖြင့် အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံ့အနာဂတ်ကို စိုးရိမ်လာလို့ မဲထည့်ကြတယ်။ အဲဒီလိုပဲ အမေရိကန်ကနေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စွန့်ခွာသွားခဲ့ကြတဲ့ လုပ်ငန်းရှင်တွေကို ပြန်ခေါ်ပြီးလူလတ်တန်းစားတွေ အလုပ်အကိုင် အခွင့်အလမ်းရအောင် ဖန်တီးပေးမယ်ဆိုတဲ့ အမျိုးသားလုံခြုံရေးစည်းအတွင်းကနေ နိုင်ငံဖွံ့ဖြိုရေးကို ပြန်တည်ဆောက်မယ်ဆိုတဲ့ သူ့ရဲ့ စီးပွားရေးအမြင်တွေကို အမေရိကန်ပြည်သူက သဘောပေါက်လို့ ဒီကာလမှာ ထရမ့် တည်ဆောက်မှပဲ အမေရိကန်ပြည်ကြီးဟာ ပြန်ပြီးတော့ စည်ပင်ဝပြောလာမယ်။ လုံခြုံလာမယ်ဆိုတာကို လူထုက လက်ခံသဘောပေါက်လို့ မဲပေးခဲ့ကြတယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကတော့ အမေရိကန်နိုင်ငံသားတွေဟာ မျိုးချစ်စိတ်ဓာတ်တခုတည်းနဲ့ ဒေါ်နယ်ထရမ့်ကို ရွေးကောက်ခဲ့ကြတာလို့ ပြောပါတယ်။

“ကျနော်ထင်တာ အမေရိကန်နိုင်ငံသူ နိုင်ငံသားတွေကတော့ မျိုးချစ်စိတ်ဓာတ် သိပ် ဟိုဟာဖြစ်သွားတယ်ထင်တယ်၊ ပထမအကြိမ်၊ အဲဒီအပေါ်မှာပဲ လုပ်လိုက်တယ်လို့ ထင်ပါတယ်။ အဲဒီတချက်ပဲ ကျနော်ပြောချင်တယ်။ ကျန်တာက အမေရိကန်လို နိုင်ငံမျိုးကြီးမှာ ဒီလို စိတ်ကူးတယ်ဆိုတာကိုလည်း တော်တော် အံ့သြတယ်။ ကျနော်တို့ တိုင်းပြည်မှာလည်း ဒါမျိုး မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ ဒေါ်နယ်ထရမ့်က မြန်မာပြည်ကို သိပ်စိတ်မ၀င်စားဘူးထင်တယ်။ သူ သိတောင် သိရဲ့လား မပြောတတ်ဘူး။ ကျနော့်အယူအဆကတော့ မဲဆွယ်တုန်းက ပြောတဲ့ဟာတွေကို အာဏာရတဲ့အခါကျ မလုပ်ပါဘူးဗျ။ မဲဆွယ်တုန်းကအတိုင်း လိုက် မလုပ်ပါဘူး။ ကျနော်တို့ နိုင်ငံပဲ ကြည့်လေဗျာ။ သူ မဲဆွယ်စဉ်ကတည်းက သူ မလုပ်နိုင်တဲ့ဟာတွေ ပြောခဲ့တယ်လေ။ ဥပမာဗျာ မက္ကဆီကို တံတိုင်းကြီးခတ်မယ်တို့ မက္ကဆီကိုက ကျခံပေးပါတို့ ဆိုတာမျိုးတွေပေါ့။”
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကလည်း ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးမယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် သူ အရွေးခံရတာလို့ ပြောပါတယ်။

“အမျိုးသားရေးပေါ့နော်။ သူ အဓိက စည်းရုံးသွားတာက အမေရိကန် ပြန်ပြီး အင်အားတောင့်တင်းအောင် လုပ်မယ်ဆိုတဲ့ သူ့ရဲ့ မက်ဆေ့ပေါ့။ အဲဒီ မက်ဆေ့ကလည်း လူဖြူအမေရိကန်တွေကို ပိုပြီးတော့ ဆွဲဆောင်မှု ရှိစေတယ်လို့ မြင်တယ်။ နောက်တခုက အလုပ်အကိုင် အခွင့်အလမ်းပေါ့၊ မက္ကဆီကန်တွေ အာဖရိကန်အမေရိကန်တွေရယ် နောက်ပြီးတော့ အာရှဘက်ကလာတဲ့ ဒုက္ခသည်တွေပေါ့ သူတို့တွေကြောင့်မို့လို့ အမေရိကန်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ ဖဲ့ယူသွားကြတယ်ဆိုတဲ့ စိတ်ခံစားမှုမျိုးတွေ တချို့ ပြည်နယ်တွေမှာ ရှိနေတယ်။ အဲဒီအပေါ်မှာလည်း သူက ယုံကြည်မှုတခုကို ယူသွားနိုင်တယ်လို့ ကျမထင်တယ်ရှင့်။ အဲ့ဒါကြောင့် ရသွားတာပါ။”

ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်းတာဝန်ခံ ဦးမြတ်သူကတော့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးမှာ အမေရိကန်ပြည်သူတွေရဲ့ စိတ်ခံစားမှုကို ဒဲ့ ပစ်ပြီး စည်းရုံးနိုင်ခဲ့တာကြောင့်လို့ သုံးသပ်ပါတယ်။

“လူတွေရဲ့ စိတ်ခံစားမှုကို သူက ဒဲ့ ပစ်လိုက်တဲ့ သဘောပေါ့။ တဖက်မှာက ဘာတွေ့ရသလဲဆိုတော့ ဒီလူတွေက အောက်ခြေကလူတွေ ပိုများတယ်လို့ ကျနော်မှန်းမိတယ်။ ကျနော့်မှာ အချက်အလက်တော့ မရှိဘူး။ ဒါပေမယ့် ကျနော် ကြိုတင်ခန့်မှန်းထားတာက ဆိုရှယ်မီဒီယာတွေ တက်လာတဲ့အချိန်မှာ အောက်ခြေလူထူထဲကို ဆိုရှယ်မီဒီယာတွေ စိမ့်ဝင်တဲ့အခါမှာ သူတို့တွေရဲ့ ပါဝင်ပတ်သက်မှုက ပိုများလာတယ်။ နောက်တခုက ဒေါ်နယ်ထရမ့် နိုင်တဲ့အခါမှာ လူဖြူအမျိုးသားတွေရဲ့ မဲက အဓိကကျတယ်။ လူဖြူတွေအားလုံးပါပဲ။ သူတို့တွေက တကမ္ဘာလုံးမှာ မွတ်စလင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဖြစ်နေတဲ့ ပြဿနာတွေ၊ဒုက္ခသည်ပြဿနာတွေ၊ အဲဒါတွေအပေါ် မကျေနပ်ချက်တွေက ရှိနေတယ်။ အဲဒီ မကျေနပ်ချက်တွေကို အရင် သမ္မတ အဆက်ဆက်က စံနှုန်းတွေအရ မသုံးခဲ့ကြဘူး။ လူတွေရဲ့ တန်းတူညီမျှမှုအကြောင်းတွေပြောတော့ ဒီမိုကရက်တွေက ပြောလို့ မရဘူး။ သူကျတော့ အဲဒီ စိတ်ခံစားမှုကို တန်းပစ်လိုက်တော့ စံနှုန်းတွေကို သိပ်မကြည့်ဘဲနဲ့ စိတ်ခံစားမှုကို တန်းပစ်လိုက်တဲ့အတွက် သူ နိုင်တယ်လို့ ထင်တယ်”

အမေရိကန်ပြည်ထောင်စုမှာနေတဲ့ ၁၉၉၀ အမတ် ဒေါက်တာတင့်ဆွေကတော့ ကမ္ဘာ့အခင်းအကျင်းကြောင့်လို့ ဆိုပါတယ်။

“ကျနော်မြင်တာက ကမ္ဘာ့အခင်းအကျင်းဖြစ်ပါတယ်။ ထရမ့်က စီးပွားရေးသမားဖြစ်တယ်။ အမေရိကန်စီးပွားရေးကြီးထဲကို တရုတ်ကြီးက ထိုးဖောက်ရုံသာမက တဖက်စောင်းနင်း အသာစီးရနေတယ်လို့မြင်တာကို မလိုလားသူ များလို့။ ထရမ့်က ကုန်သွယ်ရေးစာချုပ်တွေကို ပြန်ပြင်ပါမယ်။ သူနဲ့သဘောတူသူတွေ များလို့။

“နောက်တချက်က အရှေ့အလယ်ပိုင်းကို ဗဟိုပြုထားတဲ့ ဘာသာရေးအစွန်းရောက်မှုကို တကယ် စိုးရိမ်သူတွေ များလာလို့ ဖြစ်တယ်။ ဒေါ်နယ်ထရမ့် ဘယ်လိုစကားပြောကြမ်းကြမ်း၊ ဘယ်လို တောင်စဉ်ရေမရပြောပြော ဒီမိုကရက်တွေရဲ့ အကြမ်းဖက်မှုကိုနှိမ်နင်းရာမှာ ခပ်ပျော့ပျော့နည်းကို အားမရကြသူတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကြားထဲမှာ အစ္စလာမ္မစ်အစွန်းရောက်တိုက်ခိုက်မှုတခုခုသာဖြစ်ခဲ့ရင် ဒေါ်နယ်ထရမ့်ကို သမ္မတ တင်ကြလိမ့်မယ်ဆိုတဲ့သုံးသပ်ချက်ကို ကျနော် အစောကြီးကတည်းကရေးခဲ့တာပါ။ နောက်တချက်ကတော့ (ဘရစ်ဆစ်) ခေါ် (အီးယူ) ထဲကနေ ဗြိတိန်ခွဲထွက်တာရဲ့ ရိုက်ခတ်မှု။ ကိုယ်ကျိုးစီးပွားကို နောက် အဓိပ္ပာယ်ထပ်ဖွင့်လာတာဖြစ်ပါမယ်။ အဲဒါမှန်ရင် အမေရိကန်ပြည်ထောင်စုအတွက် အလားအလာမကောင်းပါ။ နေ့ချင်းပဲ ဒီမိုကရက်တွေရဲ့အခိုင်အမာ ကယ်လီဖိုးနီးယားမှာ အသံထွက်လာပါတော့တယ်။ စိတ်လှုပ်ရှားမှုအခြေခံ တုန့်ပြန်ချက်တော့ဖြစ်နိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ကို လူဖြူတွေနဲ့ အရွယ်ရောက်ပြီး ယောက်ျားတွေက အများဆုံးမဲပေးခဲ့ကြတာပါ။ ဥရောပကနေလာကြတဲ့ လူဖြူတွေသာနဲ့ တည်ထောင်ထားတဲ့ အမေရိကန်တွေရဲ့ လူဖြူအတ္တကြီးမားမှုနဲ့ အင်အားကြီးခြင်းမာနကို ရွှေရည်စိမ်ချင်လို့ ဖြစ်နိုင်ပါတယ်။ ကြိုတင်ခန့်မှန်းချက်တွေ မှားကုန်တာဟာ ဘယ်သူ့ကိုမဲပေးမလဲ မှန်းလို့မရတဲ့ ရာခိုင်နှုန်းက များလို့လည်းပါတယ်။ အဲလို မှားစေတဲ့အချက်တခုက နောက်ကွယ်က လက်ဖြူကြီးဖြစ်ပါတယ်။ (ကေကေကေ) ခေါ် လူဖြူအစွန်းရောက်အဖွဲ့ဟာ ထရမ့် အနိုင်ရရှိမှုရဲ့နောက်ကွယ်မှာ သူတို့အစွမ်းကြီးတယ်လို့ ထုတ်ပြီးဝန်ခံလိုက်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013