DVB Logo
Home
မြန်မာသတင်း
အိန္ဒိယရူပီးငွေအချို့ ပယ်ဖျက်မှုကြောင့် တမူးနယ်စပ် ကုန်သည်များ နစ်နာ
DVB
·
November 10, 2016
အိန္ဒိယရူပီးငွေအချို့ ပယ်ဖျက်မှုကြောင့် တမူးနယ်စပ် ကုန်သည်များ နစ်နာ
Donate to DVB

အိန္ဒိယအစိုးရက အိန္ဒိယနိုင်ငံသုံး ရူပီးငွေ ၅ ရာတန်နဲ့ ၁ ထောင်တန်တွေကို ပယ်ဖျက်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်နေတဲ့ အိန္ဒိယနယ်စပ် တမူးမြို့ ကုန်သည်တွေ နစ်နာမှုရှိလာတယ်လို့ တမူးဒေသခံ ကုန်သည်တဦးက ပြောပါတယ်။

“ငွေတွေကို ပယ်ဖျက်လိုက်တော့ ဒီနေ့ ငွေလဲဈေးက ကျသွားတယ်။ တော်တော်လေးကို ကျသွားတယ်။ ဘယ်လောက်ထိ ထိခိုက်လဲဆိုတော့ ကျနော်တို့က မန္တလေးကနေ ကုန်တဆင့်ယူ အိန္ဒိယကုန်သည်တွေနဲ့ချိတ်၊ ကုန်ပြန်သွင်းတော့ သူတို့ဆီက အိန္ဒိယငွေ ရတယ်။ ဒါကို မန္တလေးကို ငွေပြန်လွှဲတော့ မြန်မာငွေနဲ့ ပြန်လဲပြီးမှ ပို့ရတာ။ ခု ငွေဈေးလည်း ကျ၊ မန္တလေးကိုလည်း ငွေမလွှဲရသေးတော့ လက်ထဲမှာ အိန္ဒိယငွေပဲ ရှိနေသေးတော့ ခံရတာပေါ့။"

အိန္ဒိယရူပီး ငွေလဲဈေးဟာ နိုဝင်ဘာ ၈ ရက်နေ့အထိ ၁ ရူပီးကို မြန်မာငွေ ၁၈ ကျပ်ခွဲထိ ငွေလဲဈေးရှိခဲ့ပေမယ့် ၉ ရက်နေ့မှာတော့ တဆယ့် နှစ်ကျပ်ထိ ငွေလဲဈေး ကျဆင်းခဲ့ပါတယ်။

“ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန်တွေကို နိုင်ငံ၏ ငွေကြေးလည်ပတ်မှုစနစ်မှ ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုဝင်ဘာလ ၈ ရက်တွင် ကြေညာအပြီး အိန္ဒိယကုန်သည်တွေက ကုန်အကြွေးယူထားတာတွေကို လာပေးကြတယ်။ ၅ ရာတန်၊ ၁ ထောင်တန်တွေနဲ့ပေါ့။ ဒီဘက်က မသိတော့ ယူထားလိုက်တဲ့သူ တော်တော်များများ အထိနာသွားတယ်" လို့လည်း တမူးဒေသခံ ကုန်သည်တဦးက ပြောပါတယ်။

အဲဒီ အိန္ဒိယရူပီး ၅ ရာတန်နဲ့ ၁ ထောင်တန် ငွေတွေကို နိုဝင်ဘာလ ၈ ရက် ညသန်းခေါင်ယံကနေစပြီး တရားမဝင်တော့ကြောင်း အိန္ဒိယ မီဒီယာတွေမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ကြေညာခဲ့တယ်လို့ သိရပါတယ်။

“ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန် ပိုင်ဆိုင်သူများအနေနဲ့ ဘဏ်နဲ့ စာတိုက်များမှာ ဒီလ ၁၀ ရက်ကစပြီး ဒီဇင်ဘာလ ၃၀ ရက်အထိ လာရောက် လဲလှယ်နိုင်ပါတယ်” လို့လည်း နိုဝင်ဘာလ ၈ ရက် ညနပိုင်း ပြုလုပ်တဲ့ နိုင်ငံတဝန်း ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံအထူးအစီအစဉ်မှာ ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

ဖျက်သိမ်းငွေနဲ့ ပတ်သက်ပြီး ဘဏ်မှာ ငွေအပ်နှံထားသူ မှန်ကန်ကြောင်း အတည်ပြုပြီးပါက အဆိုပါ ငွေကြေးများအား မတ်လ ၃၁ ရက်နေ့မတိုင်မီအထိ လဲလှယ်ပေးမည် ဖြစ်ကြောင်း ဘဏ်များက ပြောကြားထားပြီး ပြင်ပ ဝယ်ယူသုံးစွဲမှုကိုတော့ ကြေညာချိန်ကနေ နောက် ၇၂ နာရီထိသာ လက်ခံတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ငွေကြေးလဲလှယ်ဈေးအနေနဲ့ တန်ဖိုးကျဆင်းတာဟာ ငွေတဆင့်လွှဲသူတွေကြောင့် ဖြစ်ပြီး အိန္ဒိယနိုင်ငံ မိုးရေးမြို့ဘက်မှာတော့ မူလငွေလဲဈေး ၁၈ ကျပ်အထိ ပြန်လဲပေးနေသူတွေလည်း ရှိနေတယ်လို့ တမူးမြို့နေ အမျိုးသမီးတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013