DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် ရေကြီး၊ စပါးခင်းများပျက်စီး
DVB
·
November 10, 2016
ကျောက်မဲတွင် ရေကြီး၊ စပါးခင်းများပျက်စီး
1 / 6
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ နိုဝင်ဘာ ၉ ရက်မနက်ပိုင်းက မိုးသည်းထန်ပြီးရေကြီးတဲ့အတွက် ရပ်ကွက်တချို့ရေလွှမ်းပြီး အနီးနားဝန်းကျင်ရှိ လယ်ကွင်းတွေထဲ ရေ၀င်လို့ စပါးခင်းတွေ ပျက်စီးသွားပါတယ်။

လယ်သမားတွေဟာ စပါးတွေရိတ်ပြီး လယ်ကွင်းထဲမှာ လှန်းထားစဉ် မိုးမိတဲ့အတွက် အညှောင့်တွေထွက်ပြီး ပျက်စီးကုန်တာလို့  ပိန်းနိမ် ကျေးရွာက လယ်သမား စိုင်းဆာမ်ထွန်းက ပြောပါတယ်။

“မိုးက မိုးမလင်းခင်ကတည်းက ရွာနေတာ မနက် ၁၀ နာရီလောက်မှစဲသွားတယ်၊ ကျနော့်အိမ်က စပါးခင်းရော၊ စိုက်ခင်းအမှတ် ၁၂ ၊ ၁၆ ၊ ၁၇ အကွက်က စပါးတွေ၊ ကျနော်တို့ ရွာထဲက တခြားသူ စိုက်ခင်းတွေက စောစောမှည့်တော့ ရိတ်သိမ်းပြီး ကောက်လှိုင်းတွေချထားတာ။ အဲဒါ ရေထိသွားတော့ စပါးတွေအညှောင့်ပေါက်ကုန်တယ်။ ကောက်လှိုင်းတွေ ပုပ်ကုန်တယ်ပေါ့။ ဆုံးရှုံးမှုကတော့ မခန့်မှန်းတတ်ဘူး။ ဒါပေမယ့် အိမ်တိုင်းလိုပဲ နည်းနည်းစီထိကြပါတယ်။  ပြီးတော့ ပေါင်းအယ်၊ ကောင်းမူးကျေးရွာဘက်လည်း စပါးတွေ ရေလွှမ်းခံရတယ်၊ ဘယ်လောက်ဆုံးရှုံးလဲတော့ မသိဘူး”

ဒါ့အပြင်  ရွာထဲမှာလည်း အိမ်ခြေ ၁၀လုံးလောက် အိမ်ထဲကို ရေတွေဝင်လာခဲ့ပြီး ညနေပိုင်းမှာတော့ ပြန်ကျသွားပြီလို့ ဆိုပါတယ်။

အလားတူ ကျောက်မဲမြို့အရှေ့ဘက် နားမခေါ်ကျေးရွာအုပ်စု၊ ပန်ဟုတ်ကျေးရွာအုပ်စုတွေ ဘက်က အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း နားမခေါ်ရွာသား ဦးဝိရိယက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ကောက်လှိုင်းပင်တွေ ရေမြုပ်ပြီး အညှောင့်ထွက်တာပေါ့။ စပါးပင်တွေလည်း ပုပ်ကုန်တယ်။ ပြီးတော့ တောင်ကျချောင်းရေတွေ ၀င်လာတယ်၊ အမှိုက်သရိုက်တွေရော သစ်တုံးကြီးတွေရောရောပါလာပြီး စပါးခင်းပျက်စီးတယ်။ အခုလည်း မိုးရွာနေတုန်းပဲ။ လှန်းထားတဲ့စပါးလည်း သိမ်းလို့မရဘူး။  ရေထဲရှိနေတာကို ဒီလိုပဲ ထိုင်ကြည့်နေရတယ်။ ဒီတိုင်းဆို ထပ်ပြီးဆုံးရှုံးဦးမှာပဲ”။

မနေ့က ကျောက်မဲမြို့တွင်း ရပ်ကွက်တချို့မှာလည်း ရေတွေဝင်ခဲ့ပြီး ညနေပိုင်းမှာ ပြန်ကျသွားခဲ့ ပါ တယ်။

စပါးပျက်စီးရာကို သက်ဆိုင်ရာက လာကြည့်ရှုစစ်ဆေးတာတော့ မရှိသေးကြောင်း၊ တာဝန်ရှိ သူတွေကနေပြီး ရေနုတ်မြောင်းကြီးတွေ လာဖော်ပေးစေချင်တယ်လို့ လယ်သမားတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013