
ချင်းပြည်နယ်တောင်ပိုင်းက မြို့တွေကို မိုးမကျမီ ထိုးဖောက်နိုင်ရေး စစ်အာဏာရှင်တပ်က ယောဒေသထဲက ဆောမြို့နဲ့ ကျောက်ထုမြို့ဝန်းကျင်က တောင်ခြေတွေမှာ စုဖွဲ့ပြင်ဆင်နေပြီး မေ ၁၈ ရက်မှာ ကပစ ၂၂ ကနေ ကပစ ၂၄ ဘက်ကို စစ်ကား ၃၀ ထပ်မံ စစ်ကူပို့လာနေတယ်လို့ တော်လှန်ရေးတပ်ဘက်က ပြောပါတယ်။
ချင်းပြည်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေဆီကို မိုးမကျမီ ထိုးဖောက်နိုင်ရေး စစ်တပ်က ဆောမြို့နားမှာရှိတဲ့ ဒေသအခေါ် ၆ မိုင်ဝန်းကျင်၊ ကျောက်ထုနားမှာဆို ရေရှင်ရွာလိုမျိုး ချင်းနဲ့ ယောအစပ်က တောင်ခြေတွေမှာ စုဖွဲ့ တပ်စွဲထားတဲ့ကြောင်း ဒေသခံတွေနဲ့ ဒေသတွင်းတပ်ဖွဲ့ဝင် တချို့က ပြောပါတယ်။
ဒ့ါအပြင် စစ်တပ်က ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၂ က နေ တဆင့် ပေါက်မြို့နယ်ထဲက ကပစ ၂၄ ဆီကို မေ ၁၈ ရက် ကစလို့ စစ်ကားအစီးရေ ၃၀ လောက် ထပ်မံပြီး အလုံးအရင်းနဲ့ တပ်ကူလာနေတဲ့အကြောင်း NUG လက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS) တာဝန်ရှိသူက စစ်ရေး အခြေအနေကို အခုလို ရှင်းပြပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS) တပ်ဖွဲ့မှူးက “၁,၀၀၀ ကျော်ကျော်တော့ ရှိပါတယ်ဗျ။ ပထမ ပေါက်ဘက်ကနေသွားတဲ့ စစ်ကြောင်းတင်ကို အင်အား ၅၀၀ စစ်ကြောင်းလောက်နဲ့ သွားတာ။ ပြီးရင် လောင်းရှည်ဘက်က အင်အား ၃၀၀ ကျော်ပေါ့နော်။ ကျောက်ထုဘက်က အင်အား ၃၀၀ ကျော်ဆိုတော့ ၁,၀၀၀ ကျော်ကျော်လောက်တော့ရှိတယ်။ ဒီနေ့ ၁၈ ရက်နေ့က ဆိပ်ဖြူ ကပစ ၂၂ ကနေပြီးတော့ အင်အား ၉၀၀ ရှိမလားပေါ့ ကားအစီး ၃၀ ပေါ့နော်။ အစီး ၃၀ က ကပစ ၂၄ ကိုထပ်ပြီးဦးတည်နေတာ၊ အဲဒီ ၃ ကြောင်းအပြင် နောက်ထပ် ၁ ကြောင်းက ဦးတည်နေတာပေါ့။ လမ်းမှာဆိုတော့ ချက်ကန်ကျော်သွားပြီပေါ့နော်”လို့ ပြောပါတယ်။
မေ ၁၉ ရက်မှာ အဲဒီ စစ်ကား အစီး ၃၀ ရောက်ခဲ့တဲ့ ချက်ကန်ရွာဟာ ပေါက်မြို့နဲ့ဆို ၁၅ မိုင် ဝန်းကျင်အကွာမှာ တည်ရှိပြီး ဒီစစ်ကြောင်းတွေကို ခုခံဖို့အတွက် ခဲယမ်းအကူအညီ လိုအပ်နေတဲ့အကြောင်း SOS အဖွဲ့က ပြောပါတယ်။
အခုလို စစ်ကြောင်းတွေ ဝင်ရောက်လာပြီး ဖြတ်လေးဖြတ် ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင်တွေ ထပ်တိုးနေသလို ကုန်စည်စီးဆင်းမှုတွေပါ ပြတ်တောက်ပြီး ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတဲ့အကြောင်း ဆောဒေသခံက ပြောပါတယ်။
“ကားလမ်းတလျှောက်တွေ အကုန်ပိတ်ထားတာဆိုတော့ အဝင်အထွက်တွေက တော်တော်ကြီးကို ဆိုးသွားတာပေါ့။ သွားလို့လာလို့ အဆင်မပြေတော့ဘူး။ မိုးကလည်း ရွာနေတော့ အမိုးအကာတွေ၊ ခြင်ထောင်၊ စောင်၊ ဆေးဝါးတွေ တော်တော်လိုအပ်နေတယ်။ ကျနော်တို့ရွာ မှာဆိုရင် လူငယ်တွေ မရှိသလောက်ပဲ၊ အကုန်ပြေးရတာ။ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေထဲမှာ လေဖြတ်နေတဲ့သူတွေလည်း ရှိတော့ တော်တော်ခက်ခဲနေကြတယ်။ ဆောမြို့ထဲမှာလည်း လူငယ် ၂၀ ကျော်လောက် ဖမ်းခံထားရတယ်လို့ ကြားရတယ်။"
ချင်းတောင်တန်းဟာ မြေမျက်နှာသွင်ပြင်အရ မိုးရာသီရောက်ရင် သွားလာရေးနဲ့ ကျန်းမာရေးအခက်အခဲ ရှိနိုင်တာကြောင့် စစ်တပ်က ဆော-ကန်ပက်လက်လမ်းကြောင်းနဲ့ ကျောက်ထု-မင်းတပ်လမ်းကြောင်း ၂ ခုခွဲကာ အလျင်စလို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းပုံရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ချင်းတော်လှန်ရေးအဖွဲ့တချို့ကို DVB က မေးမြန်းပေမဲ့ လတ်တလော မဖြေကြားနိုင်သေးကြောင်း သာပြောပါတယ်။
ဒါအပြင် စစ်တပ်က မင်းတပ်ကို ပိတ်ဆို့ထားပြီး အညာရေနံမြေတွေဆီ စစ်ရေးလှုပ်ရှားလာနိုင်ခြေလည်း ရှိတဲ့အကြောင်း စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က ခန့်မှန်းပြောပါတယ်။
“မင်းတပ်ကိုလည်း ပိတ်ထားမယ်၊ ပြီးရင် ကျနော်တို့ ပေါက်ရေနံမြေကိုလည်း ကျနော်တို့ စစ်ကြောင်းတွေပေါ့နော် ဖြန့်ခွဲပြီးကာမှ လှုပ်ရှားပြီးကာမှ စစ်ဆင်ရေးထိုးလိုတဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်တယ်လို့တော့ ၂ မျိုးတွက်လို့တော့ ရတယ်။ ဒါ လောလောဆယ် ဒီသူတို့ရဲ့ စစ်ကြောင်းတွေ လှုပ်ရှားမှုအရပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ ပေါက်-မြိုင်ဘက်ကို မသွားဘူးဆိုရင်တော့ ရှေ့မှာပြောခဲ့သလိုပဲ မင်းတပ်-မတူပီကို ကျနော်တို့ မိုးမကျခင် သိမ်းပိုက်ပြီး ဖြစ်ရမယ်ဆိုတဲ့ စစ်ရေးရည်မှန်းချက်၊ စစ်ရေးစီမံချက်၊ စစ်ရေးလိုလားချက် ပြောင်းလဲလိုက်တဲ့ပုံလို့လည်း ကောက်ချက်ချလို့ ရပါတယ်ခင်ဗျ။”
အခုလိုမျိုး စစ်တပ်ရဲ့ မိုးမကျခင် နယ်မြေသိမ်းပိုက်ရေး စီမံချက်တွေကြောင့် ဒီဒေသတွေမှာ လာမဲ့ အပတ်တွေထဲ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ဖွယ် ရှိနေသလို၊ ဆေးဝါးနဲ့ အမိုးအကာလိုမျိုး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေပါတယ်။










