DVB Logo
Home
Lead Story
ဆင်းရဲမွဲတေမှုနဲ့ လူမှုအနိဋ္ဌာရုံတို့ရဲ့ မြစ်ဖျားခံရာဇာစ်မြစ်များ
DVB
·
November 9, 2016
ဆင်းရဲမွဲတေမှုနဲ့ လူမှုအနိဋ္ဌာရုံတို့ရဲ့ မြစ်ဖျားခံရာဇာစ်မြစ်များ
Donate to DVB

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံနဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဘက်များနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အရင်ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ပါဝင်ခွင့်ပြုမှာဖြစ်ပြီး သူတို့အနေနဲ့ ဖြောင့်မတ်မှန်ကန်စွာ အားသွန်ခွန်စိုက် ပါဝင်လုပ်ဆောင်ဖို့ အရင်တုန်းက မှန်တာ၊ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့ မရတော့ပေမယ့် အခုပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန် ဆက်ပြီးတော့ လုပ်သွားပါလို့  မေတ္တာရပ်ခံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ အဓိကအချက်တွေကို ကောက်နုတ်လိုက်ရင် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုများနဲ့ အနိဋ္ဌာရုံတို့ရဲ့ မြစ်ဖျားခံရာ ဇာစ်မြစ်တွေဖြစ်တဲ့ အောက်ပါအချက်တွေကို ဘယ်လိုချဉ်းကပ်ဖြေရှင်းသွားသင့်တယ်ဆိုတာကို ပြောကြားသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။

(၁) ညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး (နိုင်ငံသူနိုင်ငံသားများအားလုံး ပါဝင်ရန်လိုအပ်မှု၊ တိုင်းပြည်ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ဖို့ လိုတယ်။)

(၂) စစ်မှန်တဲ့ငြိမ်းချမ်းရေး (နိုင်ငံရေးနည်းအရသာ ရယူပေးနိုင်တဲ့ တည်ငြိမ်အေးချမ်းမှုကသာ ရေရှည်ခံတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို အာမခံပေးနိုင်တယ်။)

(၃) တရားဥပဒေစိုးမိုးရေး (အများပြည်သူအားလုံးရဲ့ဘ၀ အေးချမ်းလုံခြုံမှုကို အထောက်အကူပြုနိုင်တာ ဥပဒေစိုးမိုးမှုပါပဲ။)

(၄) အဂတိလိုက်စားမှုကင်းစင်ရေး (ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ စတဲ့ အဂတိတရား ၄ ပါးဟာ အကျင့်သီလဖောက်ပြန်မှု အခွင့်ထူးခံ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လာဘ်ပေးလာဘ်ယူမှု၊ တရားဥပဒေမစိုးမိုးစေမှုတွေ ဖြစ်ပေါ်စေတယ်)

(၅) ပညာရေးနိမ့်ကျနေမှု (ဆင်းရဲမွဲတေမှု လမ်းမှားလိုက်မှု၊ အမှန်နဲ့အမှားမခွဲခြားနိုင်မှု၊ အကြမ်းဖက်အဖြေရှာတတ်မှု။)

(၆) တာဝန်သိမှု၊ တာဝန်ယူမှုနည်းပါးခြင်း (အကောက်အခွန်ပေးခြင်းဆိုတာဟာ အများကောင်းကျိုးအတွက် ကိုယ့်ရဲ့နိုင်ငံကို ထောက်ပံ့ခြင်းဖြစ်လို့ တာဝန်သိမှု ဂုဏ်သရေကိစ္စ ဖြစ်ပါတယ်။)

(၇) လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခေတ်မီအောင်လုပ်ရန်လိုအပ်ခြင်း (အစာရေစာလိုအပ်ချက် ဖြည်းဆည်းနိုင်ဖို့ အရေးကြီးပါတယ်။)

(၈) နိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့အတွက်၊ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်ရာမှာ ပညာ၊ စေတနာနဲ့ သတ္တိရှိဖို့ လိုအပ်ခြင်း။)

တကယ်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်ပါ အကြောင်းအရာတွေကို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တက်ရောက်လာသူတွေကိုသာ ပြောကြား သတိပေးလိုက်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး တိုင်းပြည်ရဲ့ ပြဿနာအရင်းခံ ဇာစ်မြစ်တွေကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ပြီး လူတိုင်းလူတိုင်း ကိုယ့်တာဝန် ကိုယ်ယူတတ်အောင်၊ ကိုယ့်ကိုယ်ကိုယ်စပြုပြင်ခြင်းဟာ တိုင်းပြည်ကို ပြုပြင်ကာကွယ် စောင့်ရှောက်ရာရောက်တယ်ဆိုတဲ့ သဘောတရားအကြောင်းကို နားလည်စေချင်တယ်လို့ စာရေးသူက ယူဆပါတယ်။

ဒီတွေ့ဆုံမှုဟာ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို လက်မလွှတ်တမ်း အသုံးချရမယ့် ကြီးမားတဲ့ အခွင့်အလမ်းတခု ပေးလိုက်တာပါပဲ။ တချိန်တခါတုန်းက ကိုယ့်အတွက်ပဲလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အခုအချိန်အခါမှာ အများအတွက်၊ ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ့်မိသားစုအတွက်ပဲ စဉ်းစားခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဆင်းရဲသားပြည်သူတွေအတွက် အမြတ်အစွန်းထက် အလုပ်အကိုင် အခွင့်အလမ်း အမြောက်အမြားပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ပြီး ပေးဆပ်ခွင့်ပဲ မဟုတ်ပါလား။

ဘာကြောင့်လဲဆိုတော့ ဒီကနေ့ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲမှာ အလုပ်လက်မဲ့ပြဿနာကြီးဟာ တခုအပါအ၀င် ဖြစ်ပါတယ်။ အလုပ်အကိုင်မရှိတဲ့ လူငယ်လူရွယ်တွေ သန်းဆယ်ချီရှိနေတဲ့ တိုင်းပြည်တခုမှာ လူမှုရေးဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ အပြောင်းအလဲတွေလုပ်ဖို့ အလွန်ခက်ခဲနေတာဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ ဘ၀လုံခြုံမှုတွေရှိမှသာ စီးပွားရေးဘ၀၊ လူမှုရေးဘ၀၊ နိုင်ငံရေးရာကိစ္စတွေကို မှန်ကန်အောင် အခြေခိုင်ခိုင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း လက်ရှိ အရပ်သားအစိုးရဟာ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေအပေါ် အားထားအခြေပြုတဲ့မူဝါဒ၊ လူသားအရင်းအမြစ်ကို အားကိုးတဲ့ စီးပွားရေးမူဝါဒ၊ ပြည်သူကိုအခြေပြုတဲ့မူဝါဒကို အကောင်အထည်ဖော်နိုင်ဖို့ အသက်မွေးဝမ်းကျောင်းပညာကို တက္ကသိုလ်ပညာနဲ့တန်းတူ တန်ဖိုးထားပြီး အားပေးဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်လာတာပါ။

မြန်မာနိုင်ငံဟာ ပညာရေးစနစ်မှာ နှစ်ပေါင်းများစွာ ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ပညာဆိုတာဟာ အခြေအနေတခုကိုသုံးသပ်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းပဲဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ဆိုပါတယ်။

ဆင်ခြင်တုံ အသိဉာဏ်ပညာနိမ့်ကျမှုကို လတ်တလော မီးမောင်းထိုးပြသွားတဲ့ အဖြစ်အပျက်ဆိုးတခုကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်း တွံတေးမြို့နယ် တွံတေးဝ ကျေးရွာအုပ်စု မိုင် ၂၀ တောကွင်းမှာ ကလေးငယ်တွေ သရဲဝင်ပူးတယ်ဆိုပြီး ပယောဂဆရာဆိုသူက မိဘအုပ်ထိန်းသူတွေ ရှေ့မှောက်မှာ ရိုက်နှက်ကုသပေးရာ ကလေး ၃ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့  ထိတ်လန့်ဖွယ်သတင်းဆိုးပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့ ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်နေဦးမယ့် ဆင်းရဲမွဲတေမှုနဲ့ လူမှုအနိဋ္ဌာရုံတွေ မြစ်ဖျားခံလာရာ အခြေခံအကြောင်းတရားတွေကို ဆန်းစစ်ရှာဖွေလိုက်တဲ့အခါမှာ အောက်ပါ မူလဇာစ်မြစ်တွေကို တွေ့ရမှာဖြစ်ပါတယ်။

(၁) မသိမှု - အသိဉာဏ်ပညာနိမ့်ကျခြင်း

(၂) အဂတိတရားလိုက်စားမှု

(၃) တရားဥပဒေမစိုးမိုးမှု

(၄) အကျင့်သီလပျက်ယွင်းမှု ... စတာတွေပါပဲ။

အိမ်တအိမ်မှာဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံမှာဖြစ်ဖြစ် စည်းလုံးမှုမရှိဘူး၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့် ဗိုလ်ကျတယ်၊ အကြမ်းဖက်အဖြေရှာကြတယ်၊ ရန်တခြိမ်းခြိမ်း ဖြစ်နေကြတဲ့ တိုင်းပြည်တပြည်ဆိုတာ တိုင်းသူပြည်သားတွေရဲ့ အသိအမြင်နိမ့်ကျနေမှုကို အခြေပြုလို့ ခွဲခြားဆက်ဆံခံရ၊ အဖိအနှိပ်ခံရ၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေအပေါ် သွေးခွဲခံရတဲ့အခါ ဉာဏ်ပညာ မဦးစီးနိုင်တဲ့အခါ အကြမ်းဖက်နည်းတွေနဲ့ အနိုင်ယူဖြေရှင်းဖို့ ကြိုးစားရင်း မုန်းတီးနာကျည်းမှုတွေ ပိုပိုကြီးထွားလာတာမို့ ပြည်ထောင်စုစိတ်ဓာတ်တွေ  ပျောက်ဆုံးသွားရတာ မဟုတ်လား။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် မြန်မာနိုင်ငံပြည်သူတွေ ငရဲကျခံနေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ လူမှုအနိဋ္ဌာရုံတို့ရဲ့ မြစ်ဖျားခံရာ ဇာစ်မြစ်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံသားတိုင်းဟာ အတိတ်ကအဖြစ်အပျက်တွေနဲ့ ကိုယ့်ကို အချည်နှောင်မခံဘဲ သင်ခန်းစာယူပြီးတော့ ရှေ့ကို ဆက်သွားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။

အဲဒီလို လုပ်ကိုင်နိုင်ဖို့ဆိုတာ နိုင်ငံသားတွေမှာ အမှန်အမှား ခွဲခြားတတ်တဲ့ပညာ၊ အများအကျိုးအတွက် မှန်ကန်တဲ့စေတနာနဲ့ အမှန်တရားအတွက် နောက်မတွန့်တတ်တဲ့ သတ္တိရှိဖို့ လိုပါတယ်။ နိုင်ငံသားတိုင်း မိမိမှာရှိတဲ့ မကောင်းတဲ့အကျင့်စရိုက်တွေ၊ မှားယွင်းနေတဲ့ အတွေးအမြင်တွေကို မိမိကိုယ်တိုင် ရဲရဲဝံ့ဝံ့ ပြင်ဆင်ပြီး တရားဥပဒေလိုက်နာဖို့၊ မိမိတာဝန်မိမိသိပြီး တာဝန်ယူတတ်ဖို့၊ မိမိအကျိုး၊ မိမိအဖွဲ့အစည်း တခုတည်းအတွက် ဘက်လိုက်မှုမလုပ်ဖို့၊ အဂတိ ၄ ပါးကို ရှောင်ရှားဖို့၊ ပြည်ထောင်စုစိတ်ဓာတ်ကိုမွေးမြူလို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်အောင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရနိုင်အောင် တရားဥပဒေ စိုးမိုးလာအောင် အကြမ်းမဖက်ဘဲ အဖြေရှာတတ်အောင် သင်ကြားဖို့  လိုအပ်ပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013