DVB Logo
Home
မြန်မာသတင်း
နည်းပညာနှင့် လေ့ကျင့်ရေးကဏ္ဍတွင် အီးယူ အကူအညီရရေး မျှော်လင့်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
DVB
·
November 9, 2016
နည်းပညာနှင့် လေ့ကျင့်ရေးကဏ္ဍတွင် အီးယူ အကူအညီရရေး မျှော်လင့်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
Donate to DVB

တိုက်ခိုက်ရေးနဲ့မသက်ဆိုင်တဲ့ နည်းပညာနဲ့ လေ့ကျင့်ရေးကဏ္ဍတွေမှာ ဥရောပသမဂ္ဂရဲ့ ကူညီဆောင်ရွက်မှုတွေရရှိဖို့ မျှော်လင့်ထားတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ပြုလုပ်နေတဲ့ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီ အစည်းအဝေးမှာ နိုဝင်ဘာ ၈ ရက်က ပြောခဲ့တာဖြစ်ပြီး ဒီစည်းဝေးပွဲကို  သူ ပထမဆုံးတက်ရောက် မိန့်ခွန်းပြောတာ ဖြစ်ပါတယ်။

သူက “မြန်မာ့တပ်မတော်အနေနဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ဆေးပညာရပ်များ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကိစ္စရပ်များ စတဲ့ တိုက်ခိုက်ရေးနဲ့ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေဖြစ်တဲ့ နည်းပညာနဲ့ လေ့ကျင့်ရေးကဏ္ဍတွေမှာ ဥရောပသမဂ္ဂရဲ့ ကူညီဆောင်ရွက်မှုတွေရရှိဖို့ မျှော်လင့်ထားရှိပါတယ်။ ယခုလည်း UNPK မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဥရောပသမဂ္ဂနဲ့ စစ်ဘက်ဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းအားဖြင့် မြန်မာ့တပ်မတော်ရဲ့ Standard Army အဖြစ် တည်ဆောက်ဖွဲ့စည်း ဆောင်ရွက်နေမှုများ အပေါ်မှာလည်း အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ကျနော့်အနေနဲ့ လေးနက်စွာ ယုံကြည်ပါတယ်” လို့ ပြောခဲ့ကြောင်း မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သူက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုများ မြင်တွေ့လိုရင် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှု အရပ်ရပ်ကို အီးယူက ကူညီပေးနိုင်ဖို့ လိုမယ်လို့လည်း ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီ စည်းဝေးပွဲမှာ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းမှာ မြန်မာ့သမိုင်းမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ အရေးပါပုံကို အလေးထားပြောကြားခဲ့ပြီး တပ်မတော်ဟာ ခေတ်အဆက်ဆက် ခိုင်မာတောင့်တင်းတဲ့ အမျိုးသားနိုင်ငံရေး အင်အားစုကြီးဖြစ်လို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။

သူက “ဒါ့ကြောင့်လည်း ခေတ်သစ်၊ စနစ်သစ်မှာ ကျနော်တို့ဟာ အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ဖို့ လွှတ်တော်ထဲမှာ ဆက်လက်ပါဝင်နေရခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီကို ဖော်ဆောင်ခြင်းနှင့်အတူ ကာကွယ်စောင့်ရှောက်နေပါတယ်။ နိုင်ငံတော်နှင့် ပြည်သူ့အတွက် ခိုင်မာတဲ့ အာမခံချက်ရရှိတဲ့အချိန်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ပြန်လည်သုံးသပ်လုပ်ဆောင်သွားမှာ ဖြစ်တယ်” လို့လည်း ပြောခဲ့ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ Standard Army အဖြစ် တည်ဆောက်ဖွဲ့စည်းနေရာမှာ ဥရောပသမဂ္ဂနိုင်ငံများဟာ ပူးပေါင်းကူညီ လုပ်ဆောင်ကြမယ်လို့ ယုံကြည်ကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ပါသေးတယ်။

မြန်မာတပ်မတော်အကြီးအကဲဟာ ကာကွယ်ရေးဦးစီးချုပ်များ၏ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီ အစည်းအဝေးကို တက်ရောက်ဖို့ အီးယူ ဥရောပသမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ပထမဆုံးအကြိမ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013