DVB Logo
Home
Lead Story
ရွေးကောက်ပွဲ ၁ နှစ်ပြည့် အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် မေးမြန်းချက်
DVB
·
November 8, 2016
ရွေးကောက်ပွဲ ၁ နှစ်ပြည့်  အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင်  ဦးဉာဏ်ဝင်းနှင့် မေးမြန်းချက်
Donate to DVB

၂၀၁၅ ခုနှစ် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေ ဆန္ဒမဲပေးခဲ့တာ ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ တနှစ်တင်းတင်းပြည့်ပါပြီ။ ရွေးကောက်ပွဲရလဒ်အရ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီက အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အစိုးရသစ်အနေနဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်ရတဲ့အခါ အကန့်အသတ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။

ရွေးကောက်ပွဲတနှစ်ပြည့်တဲ့အချိန်မှာ ပြည်သူတွေလိုလားနေတဲ့ အပြောင်းအလဲတွေကို အာဏာရပါတီက ဘယ်လောက်ဖော်ဆောင်နိုင်သလဲဆိုတာကို သိရအောင် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - မနှစ်က ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အပြောင်းအလဲကို ကတိပေးပြီး ရွေးကောက်ပွဲဝင်ခဲ့တယ်၊ ပြည်သူတွေက တခဲနက် မဲပေးခဲ့တယ်။ အခုအချိန်မှာ အပြောင်းအလဲတွေကို ဘယ်လောက် ဖော်ဆောင်နိုင်ပြီလဲ။

ဖြေ - ကျနော်တို့က ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားလုံးအတိုင်းကို ကြိုးစားတာ၊ ကြိုးစားတော့ ခုအချိန်အထိ ပြောရရင် အပြောင်းအလဲတွေ အများကြီးရှိနေတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ အများကြီးရှိတယ်။ ဥပမာတခု ကျနော်ပြောရရင် ကျနော်တို့ အရင် ပြည်သူ့လွှတ်တော် လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ တမြို့နယ် ကျပ်သိန်း ၁၀၀၀ ချပြီးတော့ ဒေသဖွံ့ဖြိုးရေး ဟိုတုန်းက သိန်း ၁၀၀၀ ဘယ်သူကိုင်လို့ ဘယ်သူသုံးမှန်းကို မသိဘူး။ ဟိုတုန်းကတော့ ပွင့်လင်းမြင်သာမှုမရှိဘူး။ ကျနော်တို့ အခု ဒီဟာတွေနဲ့ပတ်သက်ရင် လွှတ်တော်ကိုယ်စားလှယ်တွေ အသီးသီးက ကိုယ့်နေရာ ဒေသတွေမှာ အဲဒါကို ကော်မတီထဲမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တယ်။ ကိုယ်တိုင်သုံးစွဲနေကြတော့ ပြည်သူလူထုက အဲဒီအပေါ်မှာ အများကြီးလက်ခံတယ်။ နောက်တခုက ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံကို ရှေ့တင်ပြီးတော့ ကျနော်တို့ ဒီညီလာခံတွေကို လုပ်နေကြတာ ဒီမှာလည်း တိုးတက်မှု အများကြီးရှိပါတယ်။ ဟိုတုန်းက လက်မှတ်မထိုးတဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ အခု ဒီဟာနဲ့ ပတ်သက်ပြီး ကြိုးစားနေတယ်။ ကျနော် နားလည်သလောက်ပြောရရင် ဒါ အောင်မြင်မှာ။ နောက် အရေးအကြီးဆုံး ငြိမ်းချမ်းရေးအဆင့်ကို သွားတဲ့အခါမှာ အားလုံးပါဝင်ဖို့ အကြောင်းကြောင်းနဲ့ ကျန်နေတဲ့ဟာတွေကိုလည်း ပါဝင်အောင် ကျနော်တို့လုပ်မယ်။ လုပ်တဲ့နေရာမှာလည်း တိုးတက်မှုတွေ အများကြီးရရှိခဲ့ပါတယ်။ အရေးကြီးတာက နောက်ဆုံး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ၊ ဒါအရေးအကြီးဆုံးပါပဲ။

စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ဥက္ကဋ္ဌလည်း ပြောပါတယ်။ အလုပ်တွေသိပ်များနေတော့ စီးပွားရေးကို ဖိဖိစီးစီး မလုပ်နိုင်သေးတဲ့အခါမှာ စီးပွားရေးတိုးတက်မှု နှေးကွေးနေတယ်ဆိုတာ ဒါအားလုံးလည်းသိပါတယ်။ သို့သော်လည်းပဲ အဲဒီနောက်ပိုင်းမှာကို အခု ဒီရက်ပိုင်းမှာကို စီးပွားရေးနဲ့ဆိုင်တဲ့ မြန်မာနိုင်ငံက စီးပွားရေးသမားကြီးတွေ အုပ်စုလိုက် နိုင်ငံခြားသွားကြမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှု မျှော်လင့်ချက်တွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းပြောကြားတာတွေ လုပ်နေပါတယ်။ အဲတော့ စီးပွားရေးနဲ့ပတ်သက်ရင်လည်း လာမယ့်အချိန်တွေမှာတော့ ဖိဖိစီးစီး တိုးတိုးတက်တက် လုပ်ဖြစ်မှာပါ။ အဲတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့လည်း ဂျပန်နိုင်ငံသွားတာလည်း ဒီနေ့ ကျနော်တွေ့ရတဲ့ သတင်းစာခေါင်းကြီးပိုင်းတွေ ကြည့်လိုက်ရင်တော့ စီးပွားရေးက အဓိကပဲလို့ မြင်ရပါတယ်။

မေး - အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်တုန်းက ပြောခဲ့တာတွေရှိပါတယ်။ ဒါတွေရော ဘယ်လောက်ထိ အောင်မြင်ပါပြီလဲ။

ဖြေ - ကျနော်တို့ ပြန်လည်ဖွဲ့စည်းရေး လုပ်နေပါတယ်။ ဒါထွက်လာမှပဲ အသေအချာ ပြောလို့ရမှာပါ။ ထွက်လည်း ထွက်မှာပါ။ ဒါ မထွက်လို့မရဘူး။ အဲတော့ တိုင်းပြည်တိုးတက်ရေး စီးပွားရေးဘာညာ ဘယ်လောက်လုပ်လုပ် ကျနော်တို့ တရားဥပဒေစိုးမိုးရေးနဲ့ အကျုံးဝင်တဲ့ လာဘ်ပေးလာဘ်ယူကိစ္စ ဒါကို မဖျက်ဘဲနဲ့တော့၊ ဒါကို မတိုက်ဘဲနဲ့တော့ ခုနကိစ္စတွေ အောင်မြင်ဖို့ ခဲယဉ်းပါတယ်။ ကျနော်တို့ပါတီကရော၊ ကျနော်တို့အစိုးရကရော ဒါကို ကောင်းကောင်းသိပါတယ်။ လုပ်ပါလိမ့်မယ်။

မေး - ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ နဂိုရှိပြီးသား လွှတ်တော်နေရာတွေကို ဆုံးရှုံးခဲ့တယ်။ အန်အယ်လ်ဒီက တလျှောက်လုံးလည်း တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောခဲ့တာတွေ ရှိပါတယ်။ တကယ် အာဏာရလာတဲ့အခါ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အတိုင်းအတာအထိ လုပ်နေတယ်လို့ ပြောလို့ရမလဲ။

ဖြေ - တိုင်းရင်းသား အခွင့်အရေးဆိုတာ အန်အယ်လ်ဒီအစိုးရက အခွင့်အရေးကို ပေးမှာ။ လက်ရောက်မဟုတ်ဘူး။ ကျနော်တို့ အခွင့်အရေးသာပေးမှာ။ ကြိုးစားဖို့က ကိုယ်ကိုယ်တိုင် ကြိုးစားရမှာ။ တိုင်းရင်းသားတွေ ကြိုးစားရမှာ။ ကျနော်တို့ တိုင်းရင်းသားထဲမှာ ဗမာလည်းပါတယ်။ ဗမာက ကရင်ကို သွားကြိုးစားနေလို့ ဘာမှမဖြစ်ဘူး။ ကရင်ကိုယ်တိုင် ကြိုးစားရမှာ။ ဗမာက အားပေးမှာ။ ဒီနေရာမှာ အယူအဆလေးတွေရှိတယ်။ လုပ်ပေးဖို့လို့။ လုပ်ပေးဖို့ ကျနော်တို့ တာဝန်ဘယ်တုန်းကမှ မခံဘူး။ အခွင့်အရေးပေးဖို့ ကျနော်တို့ တာဝန်ခံတယ်။ လုပ်ပိုင်ခွင့်ရှိဖို့။ အခွင့်အရေးရှိဖို့။ ဒါပဲအာမခံမှာ။ ဖြစ်ပေါ်တိုးတက်မှုအတွက်ကတော့ ကိုယ်ကိုယ်တိုင် ကြိုးပမ်းရမှာ။

မေး - အခုနောက်ပိုင်း ပြောကြတာတခု ရှိပါတယ်။ ပါတီက ရွေးကောက်ပွဲဝင်ခဲ့တဲ့ အချိန်က ပါတီကိုကြည့်ပါ။ လူတဦးချင်းစီကို မကြည့်ပါနဲ့လို့ ပြောခဲ့တယ်။ အခုနောက်ပိုင်းကျတော့ ပါတီထဲက တချို့အမတ်တွေရဲ့ လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး ပါတီကိုကြည့်ပြီး မဲထည့်ခဲ့တာ မှားတယ်လို့ ပြောလာကြတယ်။ ဒါနဲ့ပတ်သက်လို့ ပါတီက ဘယ်လိုရှင်းပြချင်လဲ။

ဖြေ - ကျနော်တို့ ပုဂ္ဂိုလ်မကြည့်ပါနဲ့ ပါတီကြည့်ပါဆိုတာ ကျနော်တို့လွှတ်တော်ထဲမှာ အဖွဲ့ချုပ်အင်အားကောင်းမှ ကျနော်တို့အဖွဲ့ချုပ် ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက သွားလို့ရမှာ။ ပုဂ္ဂိုလ်တဦးချင်းကို ဦးစားပေးလို့ အန်အယ်လ်ဒီ အင်အားနည်းရင် အန်အယ်လ်ဒီလုပ်ပိုင်ခွင့် ဘယ်လိုလုပ်ရမလဲ။ အခုလောလောဆယ်ရောပဲ။ လွှတ်တော်ဆိုတာ လှမ်းကြည့်လိုက်တာနဲ့ ဟိုမှာ တမတ်သား (တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း) က ရောက်နေပြီ။ အဲတော့ ကျနော်တို့ ဒီလိုအခြေအနေမှာ ဒီဥပဒေသကိုပဲ ကျနော်တို့ ကိုင်ရမှာပဲ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013