DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၏ ပထမဆုံးကောလိပ် ဟားခါးမြို့တွင်ဖွင့်လှစ်မည်
DVB
·
November 8, 2016
ချင်းပြည်နယ်၏ ပထမဆုံးကောလိပ် ဟားခါးမြို့တွင်ဖွင့်လှစ်မည်
Donate to DVB

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ လာမည့် နိုဝင်ဘာ ၉ ရက်နေ့  ပြည်နယ်ရဲ့ ပထမဆုံးကောလိပ်ကို ဒုသမ္မတ ဦးမြင့်ဆွေကိုယ်တိုင်  လာရောက်ဖွင့်လှစ်ပေးဖို့ရှိနေပါတယ်။

ဟားခါးမြို့နဲ့ ၅ မိုင်လောက်အကွာ ဟားခါး-ထန်တလန်လမ်းဘေးမှာ တည်ရှိတဲ့ ဟားခါးကောလိပ်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးအထူးအဖွဲ့ ၆ က တာဝန်ယူ တည်ဆောက်ခဲ့တာပါ။

လက်ရှိမှာ စာသင်ဆောင်အပါအဝင် အဆောက်အဦ ၆ ဆောင် ပြီးနေပြီဖြစ်ပေမယ့် ဆောက်လက်စ အဆောက်အဦတွေနဲ့ လမ်းတွေ အပြီးမသတ်နိုင်သေးပါဘူး။ အခုလို အဆောက်အဦတွေ မပြီးခင်ဖွင့်ပွဲလုပ်မှာနဲ့ ပတ်သက်ပြီး ဟားခါးဒေသခံအချို့က ဝေဖန်နေတာတွေလည်း ရှိပါတယ်။

ဟားခါးကောလိပ်မှာ  ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ဟားခါး၊ ထန်တလန်၊ ဖလမ်း စတဲ့ ၃ မြို့တွေက ကျောင်းသား ၂၆၄ ယောက်ကို ပထမနှစ်သင်တန်းကနေ စတင်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ကောလိပ်မှာ အဓိကဘာသာရပ် ၈ ခုဖြစ်တဲ့ မြန်မာစာ၊ သမိုင်း၊ ပထဝီ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒနဲ့ သတ္တဗေဒ စတဲ့ ဘာသာရပ်တွေကို ဒုတိယနှစ်သင်တန်းထိ သင်ကြားပေးသွားမှာ ဖြစ်ပြီး တတိယနှစ်နဲ့ နောက်ဆုံးနှစ်ကျောင်းသားတွေကိုတော့ ကလေး တက္ကသိုလ်မှာ ဆက်လက် ပညာသင်ကြားခွင့်ပြုမှာ ဖြစ်ပါတယ်။

လက်ရှိမှာ စာသင်ဆောင် ၂ မှာ စာသင်ခန်း ၁၀ ခန်းရှိပြီး တခန်းကို ကျောင်းသား ၆၀ နှုန်းနဲ့ ကျောင်းသား ၅၀၀ ထိ လက်ခံသင်ကြားပေးနိုင်တယ်လို့သိရပါတယ်။

ဒါပေမယ့် ကောလိပ်ရဲ့ လက်ရှိအနေအထားမှာ ဝန်ထမ်းအင်အားအနေနဲ့ ကောလိပ်ကျောင်းအုပ်ကြီးအပါအဝင် ၆ ဦး သာရှိနေသေးတာပါ။

ချင်းပြည်နယ်ရဲ့ ပထမဆုံးကောလိပ်ကို ဖွင့်လှစ်နိုင်တဲ့အတွက် ပြည်နယ်ဖွံ့ဖြိုးလာမှာဖြစ် သလို အဆင့်မြင့်ပညာဦးစီးဌာနရဲ့ အောင်မြင်မှုတရပ်ဖြစ်တယ်လို့ ကောလိပ်မှာ ပထမဆုံး ကျောင်းအုပ်တာဝန်ယူမယ့် ဆရာမကြီး ဒေါ်အေးအေးငွန်က ပြောပါတယ်။

ကောလိပ်နဲ့ ပတ်သက်ပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာက ရာသီဥတုအပြင် ဆရာနဲ့ ဆရာမ အခက်အခဲ၊ ကျောင်းသားတွေ သွားလာနေထိုင်ရေး အခက်အခဲလည်း ကြုံတွေ့နိုင်တယ်လို့ ပြောပါတယ်။

အခုလို ပထမဆုံးကောလိပ်ဖွင့်နိုင်တာနဲ့ ပတ်သက်ပြီး ချင်းလူမျိုးတယောက်အနေနဲ့ ဂုဏ်ယူမိသလို အခက်အခဲတွေကြားက ဖြစ်ပေါ်လာတဲ့အတွက်လည်း ဝမ်းသာမိတယ်လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။

ဆောက်လက်စ အဆောက်အဦတွေနဲ့ ပတ်သက်ပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ လည်း ပြောပါတယ်။

ကောလိပ်ဖွင့်တော့မယ်ဆိုတဲ့အတွက် ဒေသခံမိဘတွေကလည်း ငွေကုန်ကျေးကျ သက်သာလာမှာဖြစ်သလို သားသမီးကို ရင်အုပ်မကွာ စောင့်ရှောက်နိုင်မှာတွေကြောင့် ဝမ်းသာနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013