DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ဖခင်ဖြစ်သူက မိမိရင်သွေး ၅ ဦးကို ဓားဖြင့်ခုတ်၊ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
DVB
·
November 7, 2016
လားရှိုးတွင် ဖခင်ဖြစ်သူက မိမိရင်သွေး ၅ ဦးကို ဓားဖြင့်ခုတ်၊ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အဖေရင်းဖြစ်သူက သူ့ရင်သွေးငယ် ၅ ဦးကို ဓားနဲ့ခုတ်တဲ့အမှုတခုဖြစ်ပွားပြီး ကလေးငယ် ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားတယ်လို့ လားရှိုးမြို့မရဲစခန်းက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် ည ၁၀ နာရီလောက်က ရပ်ကွက် ၅၊ နယ်မြေ ၄၊ ချယ်ရီလမ်းထဲမှာ ဖခင်ဖြစ်သူက ကလေးတွေကို ဓားနဲ့ခုတ်ကြောင်း ရပ်ကွက်က အကြောင်းကြားလို့ ရဲတပ်ဖွဲ့ဝင်တွေက တရားခံကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ လားရှိုးမြို့မရဲစခန်းမှူး ဒု-ရဲမှူးကျော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ပထမဆုံးစတွေ့တာ အိမ်ခန်းထဲမှာ ၄ နှစ်နဲ့ ၂ နှစ်အရွယ် ယောက်ျားလေး ၂ ယောက်က လည်ပင်းမှာ ဓားဒဏ်ရာပေါ့ ပြတ်ရှဒဏ်ရာတွေနဲ့ ဆုံးနေတယ်။ ကျန်တဲ့ကလေး ၃ ယောက်က အကြီးမလေးရယ်၊ အောက်ကလေး ၂ ယောက်က ဆေးရုံရောက်နေတယ်ဆိုလို့ ဆေးရုံလိုက်သွားတဲ့ အခါကျတော့ အကြီးမလေးရဲ့ ၀ဲဘက်လည်ပင်းမှာလည်း ပြတ်ရှဒဏ်ရာရှိတယ်၊ နောက်တခါ အလတ်ကလေးမှာလည်း အဲလိုပဲ လည်ပင်းမှာ ပြတ်ရှဒဏ်ရာ၊ နောက်တခါ အငယ်ဆုံး ကလေးလေး ၉ လရွယ်ကလေးလေးကျတော့ သူက ပါးစပ်ကို ငါးပါးဟက်လေးတွေလိုပဲ လှီးထားတာ၊ ဘယ်ညာကို ၃ လက်မ၊ ဟိုဘက် ၃ လက်မ ဒီဘက် ၃ လက်မ ငါးတွေကို ပါးစပ်ဖြဲပြီးလှီးတဲ့ပုံမျိုးပေါ့။ တရားခံကိုကျတော့ ကျနော်တို့က သူတို့ အိမ်နောက်ဖေး တဲသာသာလေးပေါ့၊ ၀ါးကပ်ကာ သွပ်မိုး အဲဒီတဲရဲ့နောက်မှာ သွပ်ပြားနဲ့ကာပြီးတော့ ဓားကိုင်ပြီးတော့ ရပ်နေတာ။ သူ့မှာလည်း သွေးတွေနဲ့ အဲဒါနဲ့ ကျနော်တို့က ၀ိုင်းပြီးဖမ်းတယ်။ မိတဲ့ခါကျတော့ သူ့လည်ပင်းမှာလည်း ဓားဒဏ်ရာတွေ့တယ်။ ဆေးရုံခေါ်သွားတယ်။ သူ့မိန်းမကပြောတာ အဲဒီလည်ပင်းကဒဏ်ရာလည်း သူ့ကိုယ်သူ ပြန်လှီးတာတဲ့။”

သူ့ယောက်ျားက ကလေးတွေကို ဓားနဲ့လှီးတော့ မိန်းမဖြစ်သူက ထွက်ပြေးပြီး တခြံကျော်မှာရှိတဲ့ သူ့ရဲ့အဖေနဲ့ မောင်ကို သွားခေါ်ခဲ့ကြောင်း၊ သူတို့ပြန်ရောက်ချိန်မှာတော့ ကလေးတွေ အလှီးခံနေရပြီလို့ ဆိုပါတယ်။

တရားခံဖြစ်သူဟာ အသက် ၃၇ နှစ်အရွယ်ရှိ အိုက်ကျုံး ခေါ် အိုက်ကျွမ်းဆိုသူဖြစ်ပြီး သူ့ဇနီးနဲ့ ပတ်ဝန်းကျင် ပြောစကားအရ ရံဖန်ရံခါ စိတ်ဖောက်ပြန်တတ်သူလို့ ဆိုပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သုံးစွဲထားခြင်း ရှိမရှိကိုလည်း ဆေးရုံက စစ်ဆေးနေဆဲဖြစ်ပြီး ဆေးစာတော့ ထွက်မလာသေးကြောင်း၊ လောလောဆယ် လားရှိုးမြို့မရဲစခန်းက အိုက်ကျုံးကို ကလေးတွေသတ်မှုနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၆ အရလည်းကောင်း၊ ပုဒ်မ ၃၀၉ မိမိကိုယ်ကို သေကြောင်းကြံစည်မှုတွေနဲ့ပါ အမှုဖွင့်ထားပါတယ်။

အိုက်ကျုံးဟာ အရင်က တဘက်နိုင်ငံ သားသတ်ရုံမှာ အလုပ်လုပ်ခဲ့ဖူးတာကြောင့် ပြစ်မှုကျူးလွန်တာ လက်ယဉ်တယ်လို့ ပတ်ဝန်းကျင်ကပြောကြောင်း၊ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေရှိနေရင် လက်လွတ်စပယ် ပစ်မထားဘဲ အချိန်မီ ဆေးကုသပေးသင့်ကြောင်း၊ ဒါမှ ခုလိုဖြစ်ရပ်ဆိုးတွေက ကာကွယ်နိုင်မယ်လို့ စခန်းမှူး ဒု-ရဲမှူးကျော်နိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013