DVB Logo
Home
မြန်မာသတင်း
ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများအတွက် လျော်ကြေးပေးရန် ဆန္ဒပြ
DVB
·
November 7, 2016
ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေများအတွက် လျော်ကြေးပေးရန် ဆန္ဒပြ
Donate to DVB

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရဖို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဒေသခံတွေက CNPC တရုတ်ကုမ္ပဏီရုံးရှေ့ကို သွားရောက်ပြီး ဆန္ဒပြ တောင်းဆိုပါတယ်။

နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ဒေသခံတောင်သူ ၁၀၀ ကျော်လောက်ဟာ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ယာမြေ ၁၈ ဧကအတွက် လျော်ပေးဖို့ တောင်းဆိုလိုက်တာပါ။

ဆန္ဒပြဦးဆောင်သူ ဒေါ်ကြည်ကြည်နှင်းက “ကျမတို့ လယ်ယာမြေတွေကို သူတို့ကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို လယ်ယာမြေ ပြန်ဖော်ထုတ်ပေးဖို့ ကျမတို့က တောင်းဆိုနေတာ။ ဒီလယ်သမား ၂၁ ယောက်ရယ်၊ လယ်ဧက ၁၈ ဧကကျော် ပျက်စီးသွားတာတွေ ရှိတယ်။ အဲဒါတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုတာပဲ ရှိတယ်။ ကျမတို့ ၆ လပိုင်း ၅ ရက်နေ့ကလည်း တရုတ်သံမတ်ကြီးကိုယ်တိုင် တောင်းဆိုဖူးခဲ့တာ ရှိတယ်။ ဒါပေမယ့် လယ်သမားတွေရဲ့အရေးကို အရေးတယူ မလုပ်ဘဲနဲ့ အခုထက်ထိ ကျမတို့ကို ဘာဖြေရှင်းချက်မှ လုပ်ပေးထားတာ မရှိသေးဘူး။ အဲဒါကြောင့်မို့ ကျမတို့ ဒုတိယအကြိမ်မြောက် ဆန္ဒပြ တောင်းဆိုတာ ဖြစ်ပါတယ်။”

အခုလို ဆုံးရှုံးသွားတဲ့ တောင်သူတွေရဲ့ နစ်နာမှုတွေကို ကျေနပ်တဲ့အထိ လုပ်မပေးနိုင်တာဟာ တောင်သူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း၊ ညှိနှိုင်းရေးမှူး ကိုထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။

“CNPC ကုမ္ပဏီဘက်က နိုင်ငံတကာရင်းနှီးမြှုပ်နှံထားတာအနေနဲ့ ဒေသခံတွေရဲ့ လယ်ယာဆုံးရှုံးမှုတွေကိုတောင် မပြင်ပေးနိုင်ဘူး။ နောက်ပြီးတော့ ဒေသခံတွေ ကျေနပ်တဲ့အထိ လုပ်မပေးဘူးဆိုတာကကျတော့ ဒါက ဒေသခံတွေ အခွင့်အရေးအပေါ်မှာ တအားကြီး ချိုးဖောက်တယ်။ စော်ကားတယ်ဆိုတာ သိသာထင်ရှားတယ်။”

တောင်သူတွေဘက်ကတော့ ဒေသခံလယ်ပိုင်ရှင်တွေရဲ့ အခွင့်အရေးကို လေးစားပေးဖို့၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးဆုံးရှုံးနေတဲ့ လယ်မြေအရေး ဖြေရှင်းပေးဖို့နဲ့ CNPC တရုတ်ကုမ္ပဏီ အလိုမရှိဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

CNPC ကုမ္ပဏီဘက်က  သြဂုတ်လအတွင်းမှာ လယ်မြေတွေ ဆုံးရှုံးမှုအတွက် သိန်း ၃၀၀ ကျော် လျော်ကြေးပေးအပ်ခဲ့ပေမယ့် “တောင်သူများသို့ အပြီးသတ်ပေးချေခြင်း” ဆိုတဲ့ စာသားကို မကျေနပ်လို့  တောင်သူတွေက နစ်နာကြေးကို လက်ခံခဲ့ခြင်း မရှိပါဘူး။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013