DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဗြိတိန်နိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွား
DVB
·
November 7, 2016
ရန်ကုန်တွင် ဗြိတိန်နိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွား
Donate to DVB

ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့နယ်မှာ ဗြိတိန်နိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာက လူသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ မြန်မာပြည်ကနေ ထွက်ပြေးသွားပြီလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၄ ရက် ညနေက သာကေတမှာနေထိုင်တဲ့ တရားလို ထိုင်းနိုင်ငံသူ ဆူပတ်ချယာ စီချွမ်ပူးနဲ့ ခင်ပွန်း ဗြိတိန်နိုင်ငံသား မစ္စတာ ပီတာဂရီဖာဂူဆန် (၄၇ နှစ်) တို့ဟာ  ကျောက်တံတားမြို့နယ် အမှတ် ၈ ရပ်ကွက်၊ ၃၉ လမ်းမှာ နေထိုင်တဲ့ မိတ်ဆွေ မစ္စတာ ဟာရစ်ဂျွန်အီတာလိုဘီနိုတီ (၂၅ နှစ်) (ကျူးလွန်သူ) နဲ့ ၎င်း၏ချစ်သူ အယ်လ်ဆီဒီဗိုလ်ဒါတို့နဲ့အတူ ရှုခင်းသာလမ်းပေါ်ရှိ Up Town ဟိုတယ် ပါတီပွဲကို အတူသွားရောက်ခဲ့ကြကြောင်း၊ ဒီ့နောက် ခင်ပွန်းဖြစ်သူဟာ ကျောက်တံတားမြို့နယ်ရှိ မစ္စတာ ဟာရစ်ရဲ့ နေအိမ်သို့ လိုက်ပါသွားခဲ့ကြောင်း၊ နိုဝင်ဘာ ၅ ရက် မနက် ၄ နာရီခန့်မှာ ကျူးလွန်သူရဲ့ချစ်သူ အယ်လ်ဆီက တရားလိုထံ ဖုန်းဆက်ပြီး မစ္စတာ ဟာရစ်နဲ့ တရားလိုရဲ့ ခင်ပွန်းဖြစ်သူတို့ ခိုက်ရန်ဖြစ်ပွားနေကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် အဲဒီ နို၀၀င်ဘာ ၅ ရက်နေ့ မနက် ၆ နာရီခွဲမှာ တရားလိုက ခင်ပွန်းဖြစ်သူထံ ဖုန်းဆက်ရာမှာ မစ္စတာ ဟာရစ် (ကျူးလွန်သူ) က ဖုန်းကိုင်ပြီး တရားလိုရဲ့ ခင်ပွန်းဖြစ်သူမှာ အိပ်ပျော်နေတယ်လို့ ပြန်လည်ပြောကြားခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီလောက်မှာ တရားလိုက ထပ်မံဖုန်းခေါ်ရာ ဖုန်းကိုင်ခြင်းမရှိတော့ကြောင်း၊ တနေကုန်ဖုန်းခေါ်နေသော်လည်း ဖုန်းကိုင်မယ့်သူမရှိကြောင်း၊ နိုဝင်ဘာ ၆ ရက် မနက် ၆ နာရီခန့်မှာ ကျူးလွန်သူရဲ့ချစ်သူ အယ်လ်ဆီက တရားလိုရဲ့နေအိမ်ကို လာခေါ်တဲ့အတွက် အခင်းဖြစ်နေအိမ်သို့ ရောက်ရှိလာရာမှာ တရားလိုရဲ့ ခင်ပွန်းဖြစ်သူဟာ အခန်းတွင်းမှာ  ပက်လက်အနေအထားအတိုင်း ဦးခေါင်းနဲ့ ရင်ဘတ်မှာ ဖူးရောင်ဒဏ်ရာတွေနဲ့  သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ရဲမှတ်တမ်းကိုကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ကျူးလွန်သူနဲ့ သေဆုံးသူတို့ဟာ ဗြိတိန်နိုင်ငံသားတွေဖြစ်ပြီး ကျူးလွန်သူကတော့ နိုဝင်ဘာ ၅ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းလိုင်းနဲ့ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူ ဗြိတိန်နိုင်ငံသား မစ္စတာ ဟာရစ်ဂျွန်အီတာလိုဘီနိုတီကို ကျောက်တံတားမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

သေဆုံးသူ ပီတာဂရီဖာဂူဆန်ဟာ ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ Horizon International School က ကျောင်းဆရာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013