DVB Logo
Home
မြန်မာသတင်း
နမ့်လန်ဈေးကြီးမီးလောင်၊ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ဆုံးရှုံး
DVB
·
November 7, 2016
နမ့်လန်ဈေးကြီးမီးလောင်၊ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ဆုံးရှုံး
1 / 13
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဈေးကြီးမှာ နိုဝင်ဘာ ၆ ရက်ညက မီးလောင်မှု ဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၅၀၀ကျော်မီးလောင်ပျက်စီးဆုံးရှုံးသွားပါတယ်။

ညနေ ၆ နာရီခွဲလောက်ကနေ ည ၈ နာရီခွဲထိလောင်ကျွမ်းပြီး ဆိုင်ခန်းပေါင်း ၆၄၈ ခန်းရှိတဲ့အထဲက ၅၄၅ ခန်း လောင်သွားတယ်လို့ နမ့်လန်ရဲစခန်းက ဒု-ရဲအုပ် အောင်မျိုးမင်းက ဒီဗွီဘီကို ပြောပါတယ်။

“မီးက ၈ နာရီခွဲလောက်မှာ မီးညွန့်ကျိုးပြီး ၉ နာရီလောက်မှာ အားလုံးငြိမ်းသွားပါတယ်။ နမ့်လန်က မီးသတ်ကားနဲ့ မလုံလောက်ဘဲ သီပေါ၊ ကျောက်မဲနဲ့ လားရှိုးက မီးသတ်ကားတွေရော လာပြီးကူငြှိမ်းကြတယ်၊ စုစုပေါင်း ၁၅ စီးနဲ့ ငြှိမ်းသတ်ကြတယ်။ အဲဒီဈေးမှာ ဆိုင်ခန်းရော ပျံကျဈေးတွေပါ ရောပြီးတွက်လိုက်ရင် အားလုံး ၆၄၈ ခန်းရှိတယ်။ မီးလောင်သွားတာက စုစုပေါင်း ၅၄၅ ခန်း ဆုံးရှုံးမှုတန်ဖိုးက ကျနော်တို့ရဲတပ်ဖွဲ့ရော မီးသတ်ကပါ ခန့်မှန်းကြတာ ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်လို့ ကနဦးတွက်ထားပါတယ်။”

မီးလောင်တာကို မြင်တွေ့လိုက်ရတဲ့ နမ့်လန်ဒေသခံ စိုင်းလင်းအွန်ကလည်း “စတွေ့တုန်းက ကျနော်က ဗျောက်အိုးဖောက်သံ၊ မီးကျည်မီးပန်းတွေလွှတ်တယ်။ ဒါမှမဟုတ် သစ်ကိုင်းခြောက်တွေ မီးရှို့တယ်ထင်တာ။ နောက်ကျမှ မီးတွေတအားကြီးလာပြီး မီးလောင်တယ်ဆိုပြီး သွားကူငြှိမ်းမလို့ ကျနော်ပြေးသွားတော့ တာဝန်ရှိသူတွေ အဲဒီနား မပေးကပ်ဘူး။ မီးသတ်ကားတွေလည်း အများကြီးလာတယ်။ ကျနော်တို့အိမ်နဲ့ တလမ်းပဲခြားတယ် ဈေးက။ မီးက ည ၉ နာရီလောက်မှ ငြိမ်းသွားတယ်။ ဈေးကတော့ အကုန်လုံးပါသွားပြီ။ အဲဒီထဲမှာ ဆိုင်ခန်းပေါင်းက ၁၀၀ ကျော်တယ်။ နမ့်လန်မှာ အကြီးဆုံးဈေးပေါ့။ ကျနော့်ဆိုင်က ပစ္စည်းတွေတော့ ပွဲဈေးသွားရောင်းမလို့ အိမ်ကို အကုန်ယူလာထားလို့ တော်သေးတယ်၊ တခြားသူတွေတော့ ဆုံးကုန်ပြီ” လို့ ပြောပါတယ်။

ဈေးမီးလောင်ရတာနဲ့ပတ်သက်ပြီး အကြော်ဖိုတခုရဲ့ မီးကြွင်းမီးကျန်ကနေ စလောင်တယ်လို့လည်း ပြောနေကြတယ်လို့ ဒေသခံက ပြောပါတယ်။

မီးလောင်ရာမှာ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ မီးလောင်မှုကို နမ့်လန်ရဲစခန်းက ပုဒ်မ ၂၈၅ ပေါ့ဆမီးနဲ့ အမှုဖွင့်ထားပြီး မီးစလောင်တဲ့ဆိုင်နဲ့ လောင်ရတဲ့အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲစခန်းက ပြောပါတယ်။

ဓာတ်ပုံ - Northern Plateau

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013