ခွင့်ပြုချက်မရဘဲ ဝတ်လစ်စလစ်ပုံတင်သည့် အဖော်အချွတ်မော်ဒယ် တရားစွဲခံရ

အားကစားရုံက အဝတ်လဲခန်းထဲမှာ အဝတ်လဲခဲ့တဲ့ အမျိုးသမီးကြီးရဲ့ ဝတ်လစ်စလစ်ပုံကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့လို့ အဖော်အချွတ်မော်ဒယ်တဦးဖြစ်သူ ဒန်နီမက်သာစ်ကို လော့စ်အိန်ဂျလိ့စ်ရဲက တရားစွဲခဲ့ကြောင်း ဘီဘီစီသတင်းမှာ နိုဝင်ဘာလ ၅ ရက်နေ့က ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိ့စ်မြို့ အားကစားရုံမှာရှိတဲ့ အဝတ်လဲခန်းထဲမှာ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အဝတ်မပါတဲ့ ဓာတ်ပုံကို ဒန်နီမက်သာစ်က ဇူလိုင်လတုန်းက ခွင့်ပြုချက်မရှိဘဲ ရိုက်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့တာပါ။
သူမဟာ စနက်ပ်ချက်မှာ စကားပြောရင်း ဒီပုံကို တင်ခဲ့ပြီး “အကယ်၍ ဒီပုံကို ငါ မမြင်ရတာ မဟုတ်ဘူး၊ ငါ့မျက်စိထဲကမထွက်ဘူး ဆိုရင် နင်လည်း ဒီလိုပဲဖြစ်မှာပဲ” လို့လည်း စာရေးခဲ့ပါသေးတယ်။
တပါးသူရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်စောက်ကားမှုနဲ့ မစ္စ မက်သာစ်ဟာ လက်တလော တရားရင်ဆိုင်နေရပြီး အကယ်၍ ဒီအမှု ကျူးလွန်တယ်လို့ တရားရုံးက ပြစ်ဒဏ်ချမယ်ဆိုရင် ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၁၀၀၀ (ပေါင် ၈၀၀) ပေးဆောင်ရဖွယ် ဖြစ်နေပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ မစ္စမက်သာစ်က ဒီပုံကို တင်ခဲ့ပြီး မကြာခင်မှာပဲ ပြန်တောင်းပန်ခဲ့ပါတယ်။ သူမရဲ့ စနက်ပ်ချက်တ်မှာ ပုံတင်တာက ကိုယ်ရေးကိုယ်တာ စကားပြောကြတာ ဖြစ်တယ်လို့ သူမ ထင်ခဲ့ကြောင်း၊ ဒီလို သူတစ်ပါးရဲ့ ခန္ဓာကိုယ်ကို လှောင်ပြောင်သရော်တာက မှားယွင်းတယ်လို့ သိကြောင်း ပြောခဲ့ပါတယ်။
သူမရဲ့ရှေ့နေ သောမက်စ်ကတော့ သူရဲ့အမှုသည်ဟာ ဘယ်တရားမဝင်တဲ့ ကိစ္စကိုမှ ကျူးလွန်ခဲ့တာ မဟုတ်ဘူး၊ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို နှောင့်ယှက် စော်ကားခဲ့တာ မဟုတ်သလို ဘယ်ဥပဒေကိုမှ ချိုးဖောက်ခဲ့တာ မဟုတ်ဘူးလို့ လော့စ်အိန်ဂျလိ့စ်တိုင်းမ်သတင်းစာကို ပြောခဲ့ပါတယ်။
မော်ဒယ်ကို တရားစွဲဖို့ ဆုံးဖြတ်ခဲ့တဲ့ လော့စ်အိန်ဂျလိ့စ်မြို့ရဲ့ရှေ့နေ မိုက်က်က "ရည်ရွယ်ချက်ရှိရှိနဲ့ လူတယောက်ရဲ့ ခန္ဓာကိုယ် အရွယ်အစား အလေးချိန်ကို လှောင်ပြောင် သရော်တာ၊ တပါးသူကို သိက္ခာချ နှိမ့်ချ စော်ကားတာလို့ ခေါ်တယ်။ ဒါက အဲဒီလိုလုပ်ခံရတဲ့သူတွေကို နာကျင်စေတယ်။ ရေရှည်သက်ရောက်မှု အကျိုးဆက်တွေ ဖြစ်စေတယ်" လို့ ပြောပါတယ်။
“ဒီလုပ်ရပ်က ခံရတဲ့သူတွေကို ဟာသလုပ်လိုက်တာဖြစ်ပြီး စိတ်ဒဏ်ရာရစေ၊ အသေရေပျက်စေတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို လျော့စေပြီး အန္တရာယ်ရှိတဲ့ စိတ်ကူးစိတ်သန်းကို ဆက်လက်ထိန်းသိမ်းထားတာဖြစ်တယ်” လို့လည်း ရှေ့နေက ဖြည့်ပြောလိုက်ပါတယ်။
မစ္စမက်သာစ်ကို အားကစားရုံက တသက်တာ ကစားခွင့်ပိတ်ထားပြီး ရေဒီယိုသရုပ်ပြအလုပ်လည်း ရပ်နားခံရပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း သူမကို အကြီးအကျယ် ပြစ်တင်ဝေဖန်နေကြပါတယ်။











