DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်နှင့် နေအိမ်မှန်တံခါး ဖျက်ဆီးခံရမှု အရေးယူပေးရန် တိုင်ကြား
DVB
·
November 5, 2016
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာအုပ်စု အလံချိန်ကျေးရွာက ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်နဲ့ နေအိမ်နဲ့ မှန်တံခါးတွေကို လူ ၁၀ ယောက်လောက်က ရောက်ရှိလာပြီး ဖျက်ဆီးခဲ့ကြပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ ညဥ့် ၁ နာရီခန့်က အလံချိန်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၀ ယောက်က ရခိုင်အမျိုးသားပါတီရုံးခန်း ဖွင့်လှစ်ထားတဲ့ နေအိမ်ရှေ့ကို ရောက်ရှိလာပြီး ပါတီဆိုင်းဘုတ်နဲ့ နေအိမ်မှန်တံခါးတွေကို ခဲတွေ၊ တုတ်တွေနဲ့ ဖျက်ဆီးခဲ့ကြတာပါ။

အလံချိန်ကျေးရွာ ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်၊ နေအိမ်ဖျက်ဆီးခံရတာတွေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ(ကျောက်ဖြူ)က တရားဥပဒေအတိုင်း အရေးဆောင်ရွက်ပေးဖို့ ညွန်ကြားထားပြီးပြီလို့ ရခိုင်အမျိုးသားပါတီဌာနချုပ်(စစ်တွေ)မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကို အခြေခံပြီးတော့ နေအိမ်ကို ခဲနဲ့ထုတယ်။ အိမ်တံခါးတွေ၊ မှန်တွေကို ဖျက်ဆီးခဲ့တယ်။ ပြီးတော့ ကျနော်တို့ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရတယ်။ ဒါက ရာဇဝတ်မှုတခု ဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာဥဒေတွေနဲ့ အရေးယူပေးဖို့ ကျနော်တို့ ဌာနချုပ်က ပြောလိုက်ပါတယ်။ နောက်တခါ ကျူးလွန်တဲ့သူက ကျေးရွာအုပ်ချုပ်ရေးမှူးလို့ ပြောပါတယ်။ ရပ်ရွာ တရားဥပဒေစိုးမိုးရေးအတွက် ဦးဆောင်ရတဲ့ နေရာမှာ အုပ်ချုပ်ရေးမှူး ၁ ဦး နောက်ကနေ ၁၀ ယောက်လောက်ပါပြီး တုတ်တွေ၊ ဓားတွေနဲ့ ပြစ်မှုတခုကို ကျူးလွန်တယ် ဆိုတာ အင်မတန် ရုပ်ဆိုးတဲ့ဖြစ်ရပ်တခု ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ ကျနော်တို့ အကြံပေးထားပါတယ်။”

ပါတီရဲ့ ဆိုင်းဘုတ်နဲ့ နေအိမ်ကို ဖျက်ဆီးသူတွေကို ကျောက်ဖြူ မြို့မရဲစခန်းမှာ အဖွင့်လိုက်ပြီလို့ ကျောက်ဖြူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“၂ ရက်နေ့ ည ၁၂ နာရီကျော်လောက်မှာ ဖြစ်တာပါ။ ကျေးရွာမှာ ရခိုင်အမျိုးသားပါတီရဲ့ အိမ်မှာပဲ ရုံးခန်းဖွင့်ထားတာ။ အဲဒီမှာ သူတို့ ပြောပြချက်အရဆိုရင် လူ ၁၀ ယောက်ကျော်လောက်တောင် ရှိမယ်လို့ ပြောပါတယ်။ အဲဒီမှာ အိမ်ကို ခဲတွေနဲ့ ဝိုင်းပေါက်ကြတဲ့အခါ ပါတီဆိုင်းဘုတ် ပျက်စီးသွားတယ်။ အဲဒီထဲမှာ ဗီရိုတွေ ရှိတယ်။ တယ်လီဖုန်းတွေ၊ ပြတင်းပေါက်မှန်တွေ အကုန်ကွဲကုန်တာပေါ့။ အိမ်ရှင်က ခဲတွေကျလို့ နိုးလာတဲ့အခါမှာ အဲဒီမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ပါတယ်။ နာမည် မှတ်မိတဲ့သူတွေ ၄၊ ၅ ဦးလောက်ပါတယ်လို့ ပြောပါတယ်။ အခု ကျေးရွာ ရခိုင်အမျိုးသားပါတီက သူနဲ့ ကျနော်တို့ ကျောက်ဖြူရဲစခန်းမှာ တရားဥပဒေအတိုင်း ဌာနချုပ်ရဲ့ ညွန်ကြားချက်အရ အမှုအဖွင့်နေပါတယ်။”

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ အလံချိန်ကျေးရွာ ရခိုင်အမျိုးသားပါတီ ကျေးရွာဥက္ကဋ္ဌနဲ့ ကျေးရွာအုပ်ချုပ်ေးရးမှူးတို့က ပုဂ္ဂိုလ်ရေးအရ အရင်ကပြဿာနာရှိခဲ့တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက မှတ်ချက်ပေးပါတယ်။

ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်၊ နေအိမ်ဖျက်ဆီးခံရတာတွေနဲ့ ပတ်သက်လို့ တိုင်ချက်ကို အမှုဖွင့်ဖို့ လက်ခံ ဆောင်ရွက်နေတယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

“အခု ဒီမှာပဲ လက်ခံဆောင်ရွက်နေပါတယ်။ တိုင်ချက်လက်ခံတာပဲ ရှိပါသေးတယ်။ တိုင်ချက်ဖွင့်ပြီးမှ ပုဒ်မ ဘယ်လောက်နဲ့ စခန်းမှူးက အရေးယူသင့်မလဲဆိုတာ မှတ်ချက်ပေးရပါမယ်။ မနေ့ကတော့ ကာယကံရှင်ကိုယ်တိုင် တခေါက်လာတိုင်ပါတယ်။ တိုင်ချက်ယူတုန်းပဲ ရှိပါသေးတယ်။ အမှုမဖွင့်ရသေးပါဘူး။”

ရခိုင်ပြည်နယ်တခုလုံးမှာ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရတာ အခုအကြိမ် ပထမဦးဆုံးအကြိမ် ဖြစ်ပြီး၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီ ဂွမြို့နယ်၊ တဖက်ကမ်းက မကျည်းမြိုင်ရွာမှာ ရခိုင်အမျိုးသားကိုယ်စားလှယ် ရုပ်ပုံတွေကို ဖျက်ဆီးခံရဖူးတာ ရှိခဲ့တယ်လို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013