
ရခိုင်ပြည်နယ်၊ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးထားသူ ၁၁၀ ကျော်ရှိပြီး အဲ့ဒီသူတွေကို စစ်ဆေးတဲ့နေရာမှာ ညှဉ်းပန်းနှိပ်စက်မှု မရှိဘဲ စစ်ဆေးမှုကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ထားတယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။
မောင်တောအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကစလို့ နိုဝင်ဘာ ၂ ရက်အထိ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေ၊ အကူအညီပေးသူတွေ၊ ပါဝင်ပတ် သက်သူတွေနဲ့ သံသယရှိသူတွေကို မသင်္ကာတဲ့အတွက် ထိန်းသိမ်းစစ်ဆေးခဲ့မှုမှာ စစ်တွေမြို့မရဲစခန်းမှာ ၃ ဦး၊ မောင်တောမြို့မ ရဲစခန်းမှာ ၅ ဦး၊ ငါးခူရနယ်မြေရဲစခန်းမှာ ၄၉ ဦး၊ ပြင်ဖြူနယ်မြေရဲစခန်းမှာ ၅၆ ဦး စုစုပေါင်း ၁၁၃ ဦးဖြစ်ပါတယ်။
ဖမ်းဆီစစ်ဆေးခဲ့တဲ့ထဲက မောင်တောမြို့မရဲစခန်းက ၃ ဦး၊ ငါးခူရနယ်မြေရဲစခန်းမက ၁၅ ဦး၊ ပြင်ဖြူနယ်မြေရဲစခန်းက ၂၀ စုစုပေါင်း ၃၈ ဦးဟာ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်မှု မရှိလို့ ပြန်လွှတ်ပေးခဲ့ပါတယ်။
မသင်္ကာလို့ စစ်တွေမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတဲ့ ၃ ဦး၊ မောင်တောမြို့မရဲစခန်းက ၂ ဦး၊ ငါးခူရ နယ်မြေ ရဲစခန်းက ၃၄ ဦး၊ ပြင်ဖြူနယ်မြေရဲစခန်းက ၃၅ ဦး စုစုပေါင်း ၇၄ ဦးကိုတော့ ရမန်ယူပြီး ဆက်လက်စစ်ဆေးနေတယ်။
စစ်ဆေးရာမှာ နှိပ်စက်ညှဉ်းပန်းမှုမပြုလုပ်ဘဲ အိပ်ချိန်၊ စားချိန် စနစ်တကျ စီစဉ်ထားရှိတဲ့အပြင် စစ်ဆေးမှု အားလုံးကိုလည်း ဗွီဒီယိုမှတ်တမ်းတင်ထားရှိတယ်။
ဒါ့အပြင် ဖမ်းဆီးစစ်ဆေးနေသူတွေမှာ ကျန်းမာရေး လိုအပ်ချက်ရှိပါက ဆေးကုသမှုကိုလည်း ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အချိန်နဲ့တပြေးညီ ကုသ စောင့်ရှောက်မှုပေးတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။











