
ရခိုင်ပြည်နယ် မောင်တောတောင်ပိုင်း မြင်းလွတ်မြို့ ရွာသစ်ကျေးရွာအဝင်၊ ချောင်းကမ်းဘေးက ရွာသစ် ရဲကင်းစခန်း နိုဝင်ဘာ ၄ ရက် မနက်စောစော ၄ နာရီလောက်မှာ မီးရှို့ခံခဲ့ရတဲ့အတွက် ရဲကင်း အဆောက်အအုံတခုလုံး ပျက်စီးသွားပါတယ်။
အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ မျက်မြင်သက်သေ ဦးမြင့်စိုးက "မနက်စောစော မီးလောင်တယ်လို့ သတင်းကြားလို့ သွားကြည့်တော့ ကင်းစခန်း မီးလောင်တာကို သိရတယ်။ ဘယ်သူရှို့တာလဲ မသိသေးပါဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ ရဲကင်းစခန်းမှာ အောက်တိုဘာ ၉ ရက်နောက်ပိုင်း တပ်ပြန်ရုပ်သိမ်းထားတဲ့အတွက် မီးလောင်ချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ မရှိဘူးလို့ လုံခြုံရေးအရာရှိတဦးကလည်း ပြောပါတယ်။
ရဲကင်းစခန်းဟာ မြင်းလွတ်နဲ့ ရွာသစ်အကြား ရွာသစ်အဝင် မောင်တော အငူမော်လမ်းဘေးမှာ ရှိပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းကတော့ မောင်တောမြို့အနီးက နရူလ္လာရဲကင်းကို အကြမ်းဖက်သူတွေက ဝင်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် တဦးကျဆုံးပြီး တဦးဒဏ်ရာရခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်











