
ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် နှစ်ပေါင်း အတော်ကြာ အကူအညီတွေ ပေးနေပေမယ့် စီးပွားရေး ပိတ်ဆို့ခံထားရတာကြောင့် စီးပွားရေးဖွံ့ဖြိုးမှုတွေ တိုးတက်အောင် မလုပ်နိုင်တာလို့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာဌာနေ ညှိနှိုင်းရေးမှူး ရီနာတာက ပြောပါတယ်။
ဒီကနေ့ ကန်တော်ကြီး ပဲလေ့စ်ဟော်တယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးအောင် ကုလသမဂ္ဂအဖွဲ့တခုတည်းနဲ့ လုပ်လို့မရဘူး၊ အဲဒီပြည်နယ်ဖွံ့ဖြိုးဖို့ ဆိုတာ အစိုးရက လုပ်ရမယ့် တာဝန်ပဲလို့လည်း မစ္စရီနာတာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အောက်တိုဘာ ၉ ရက်က မောင်းတောခရိုင်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနညှိနှိုင်းရေးမှူး ခေါင်းဆောင်ပြီး အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ အီဂျစ်၊ တူရကီ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေက သံအမတ်တွေက ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်လေ့လာပြီးနောက် ခုလို သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။
ဒီခရီးစဉ်အတွင်း မောင်တော်ဒေသက မီးရှို့ထားတဲ့ ရွာတွေ တွေ့ခဲ့သလို ထွက်ပြေးလာတဲ့ သူတွေနဲ့ ရွာထဲမှာ လုံခြုံမှုကို စိုးရိမ်နေတဲ့ ရွာသားတွေနဲ့လည်း တွေ့ခဲ့ရတယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ သံအမတ်တွေက ပြောဆိုခဲ့ကြပါတယ်။
ဗြိတိန်သံအမတ်ကြီးကတော့ အပြင်မှာ ပြန့်နေတဲ့ စွပ်စွဲမှုတွေဟာ လက်ရှိ မြေပြင်လေ့လာမှုတွေနဲ့တော့ ကွာနေပြီး ကြီးကြီးကျယ်ကျယ် ဖြစ်တာမျိုးတွေ မရှိဘူးလို့ ပြောပါတယ်။
အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ဒေသတွေကို လူသားချင်းစာနာ ထောက်ပံ့မှုတွေကို မကြာခင် ပေးသွားတော့မယ်လို့လည်း နိုင်ငံတကာသံတမန်တွေက ပြောပါတယ်။











