DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ မစ္စတာအန်ဒီဟော်လ်အမှု ထိုင်းတရားရုံးမှပယ်ချ
DVB
·
November 4, 2016
အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ မစ္စတာအန်ဒီဟော်လ်အမှု  ထိုင်းတရားရုံးမှပယ်ချ
Donate to DVB

 

ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးအတွက် လှုပ်ရှားနေသူ ဗြိတိန်နိုင်ငံသား မစ္စတာ အန်ဒီဟောလ်ဟာ ထိုင်းနိုင်ငံသစ်သီးစက်ရုံတခုရဲ့ တရားစွဲဆိုခြင်း ခံထားရာကနေ နိုဝင်ဘာလ ၃ ရက် နေ့ ရုံးချိန်းမှာတော့ ထိုင်းတရားရုံးက သူ့အမှုကို ပယ်ချလိုက်ပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း ပရကျူတ်ခီရီခန်ခရိုင်ရှိ Natural Fruit သစ်သီးစက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ လွန်ခဲ့တဲ့ ၃ နှစ်က အယ်လ်ဂျာဇီး ရုပ်သံအင်တာဗျူးမှာ ဖြေဆို ထုတ်လွှင့်သွားတဲ့အတွက် သူတို့စက်ရုံကို နာမည်ပျက်အောင် လုပ်တယ်ဆိုပြီး အဆိုပါစက်ရုံက အန်ဒီဟောလ်ကို အသရေဖျက်မှု၊ ကွန်ပျူတာဥပဒေ ငြိစွန်းမှုတွေနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မစ္စတာအန်ဒီဟော်လ်ဟာ အဆိုပါအမှုကို ၂ နှစ်ကျော် ၃ နှစ်နီးပါး ရင်ဆိုင်လာခဲ့ရပြီး ယမန်နေ့ (နိုဝင်ဘာ ၃ ရက်)မှာတော့  သူဟာ ရုပ်သံဌာနကို ဖြေဆိုခဲ့တာဟာ ထိုင်းနိုင်ငံထဲမှာ မဟုတ်ဘဲ နိုင်ငံ့အာဏာစက်ပြင်ပ နိုင်ငံခြားမှာ ဖြစ်နေတာကြောင့် နိုင်ငံခြားမှာ ဖြစ်တဲ့အမှုကို သူတို့အနေနဲ့ စီရင်လို့မရကြောင်း၊ အမှုကို ပယ်ချလိုက်ကြောင်း ဘန်ကောက်ခရိုင် ဖရခနုန်နယ်မြေ တရားရုံး တရားသူကြီးက ဖတ်ကြားခဲ့တယ်လို့ အန်ဒီဟောလ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

သူ့အနေနဲ့ အခုလို အမှုမှ ကင်းလွတ်သွားတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊ သူအမှု ရင်ဆိုင်စဉ်ကာလတလျှောက် အားပေးခဲ့သူ မိတ်ဆွေများ၊ အလုပ်သမားအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ဒါပေမယ့် တဖက်ကလည်း သူဟာ မမှန်ကန်သောအမှုနဲ့ တရားစွဲခံရတဲ့အတွက် သက်ဆိုင်သူတွေကို ပြန်ပြီးတရားစွဲဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အန်ဒီဟောလ်က “ဒီအမှုဟာ အစကတည်းက မှားနေတာပါ၊ ကျနော့်ရဲ့ ရှေ့နေတွေကလည်း မှားယွင်းသောတရားစွဲဆိုမှုလို့ ပြောတယ်။  ဒါကြောင့် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဖရခနုန်နယ်မြေတရားသူကြီး၊ ဘန်နားရဲစခန်းနဲ့ တရားလိုပြသက်သေတွေကို ပြန်ပြီး မမှန်ကန်သောအမှုကို ရုံးတင်မှုနဲ့ ပြန်ပြီးတရားစွဲဖို့ လုပ်ရပါမယ်။ သူတို့ကို ပြန်ပြီးတရားစွဲတာဟာ ကျနော် ခံရတာ စိတ်ဆိုးလို့၊ ကလဲ့စားချေဖို့ မဟုတ်ဘူး။ ဒါပေမယ့် သစ်သီးစက်ရုံက ကျနော့်ကို အနှောင့်အယှက်ပေးနေတဲ့ လုပ်ရပ်ကို လုပ်ဆောင်နေတုန်းဘဲ။ ဒါကြောင့် ကျနော် ဝမ်းနည်းစွာနဲ့ဘဲ တရားစွဲဆိုရမှာ ဖြစ်ပါတယ်” လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီအမှုမှာ အန်ဒီဟောလ်ဟာ တရားမမှုနဲ့ရော ရာဇ၀တ်မှုနဲ့ပါ ၂ ခုလုံး ရင်ဆိုင်နေရပြီး မနေ့က အမြင့်ဆုံးတရားရုံးက ပယ်ချလိုက်တဲ့ အမှုကတော့ တရားမမှု ဖြစ်ပါတယ်။ ဒီအမှု ပယ်ချခြင်းအားဖြင့်  သစ်သီးစက်ရုံက သူ့ကို ဘတ်ငွေ သန်း ၃၀၀ အလျော်တောင်းထားတဲ့ကိစ္စ ပြေပျောက်သွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ရာဇ၀တ်မှုမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ဘန်ကောက်တောင်ပိုင်း တရားရုံးကနေပြီး  အန်ဒီဟောလ်ကို  ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်းခွဲ ပေးဆောင်ဖို့ ချမှတ်ခဲ့ပါတယ်။

အဲဒီအမှုအတွက်လည်း သူက အထက်တရားရုံးကို ဆက်လက်အယူခံဝင်သွားမှာ ဖြစ်ပါတယ်။

မစ္စတာအန်ဒီဟောလ်ဟာ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးေ ဖာင်ဒေးရှင်း (HRDF) နဲ့  ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ (MWRN) တို့ရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013