DVB Logo
Home
မေးမြန်းခန်း
အန်အယ်လ်ဒီပါတီမှတ်ပုံ တင်ရေး-မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး (ဦးဝင်းတင်နှင့် မေးမြန်းချက်)
DVB
·
November 7, 2011
အန်အယ်လ်ဒီပါတီမှတ်ပုံ တင်ရေး-မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး (ဦးဝင်းတင်နှင့် မေးမြန်းချက်)
Donate to DVB

နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ ဥပဒေကို ပြင်ဆင်လိုက်တဲ့​ အကြောင်း သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြီး နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေပြင်ဆင်တာဟာ အမျိုးသား​ ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ​ မှတ်ပုံတင်နိုင်ဖို့ လမ်းဖွင့်ပေးတာလို့ နိုင်ငံရေး​ အကဲခတ်တွေက ဆိုပါတယ်။

ဥပဒေ​ ထွက်လာပြီးတဲ့နောက် ဥပဒေအပေါ် ဘယ်လိုမြင်ပါသလဲ၊ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖြစ်ဖို့ များသလား​ ဆိုတာနဲ့​ ပတ်သက်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ဆက်သွယ်​ ​မေးမြန်းထားပါတယ်။

ပါတီမှတ်ပုံတင်တဲ့ ဥပဒေကို ပြင်ပေးလိုက်တော့ ကျနော်တို့ နောက်ဆုံးသိတဲ့ သတင်းအရတော့ အန်ကယ်တို့ ဒီအပတ်ထဲမှာ စီအီးစီ အစည်းအဝေးလုပ်ပြီး ပါတီမှတ်ပုံတင်သင့် မတင်သင့် ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ သိရပါတယ်။ အဲ့တော့ ပါတီမှတ်ပုံတင်သင့် မသင့် ဆွေနွေးပေးပါလား ခင်ဗျ။

“မှတ်ပုံတင်သင့် မတင်သင့် ကိစ္စနဲ့ ပတ်သက်လို့တော့ ကျနော်ထင်တယ်။ ပါတီထဲမှာ သိပ်ပြီးတော့ ပြဿနာ ကြီးကြီးမားမား ရှိမယ်လို့ ကျနော် တချို့ကျတော့လည်း ဟိုးတုန်းကအကြောင်းတွေ ထောက်ထောက်ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်၊ ရွှေဂုံတိုင် ကြေညာချက် ဆိုတာတွေ အကြောင်းပြပြီးတော့ မှတ်ပုံမတင်သင့်ဘူးလို့ ပြောတဲ့လူတွေလည်း ရှိမှာပေါ့ဗျာ။ သို့သော် ကျနော်က ဘယ်လို ထင်လဲဆိုတော့ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲ ဥပဒေအရ သူတို့ပြင်လိုက်တဲ့ ဥပဒေအရ အများကြီး ပျော့ပျောင်းလာတယ်။ အများကြီး လိုက်လျောလာတယ်လို့ ဒီလိုပဲ ယူဆပါတယ်။ တနည်းအားဖြင့်တော့ တစုံတရာသော အတိုင်းအတာအထိတော့ ကျေနပ်ဖွယ်ကောင်းတဲ့ အနေအထားတော့ ရှိနေတယ်။ ပါတီဝင်ထု အများစုကနေ လက်ခံနိုင်တဲ့ အနေအထား ရှိနိုင်ကောင်း ရှိနိုင်တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒါကတချက်ပေါ့။ ဒုတိယ တချက်ဖြစ်တဲ့ ပါတီဝင်ထဲကနေ အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်များကို ပါတီကနေ ထုတ်ပယ်ပစ်ရမယ်ဆိုတဲ့ အချက်လည်း ပယ်ဖျက်လိုက်ပြီဆိုတော့ ဒါကလည်း ကျေနပ်ဖွယ်ကောင်းတဲ့ အနေအထား ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ အဲ့တော့ ဒီအချက်တွေကို ထောက်ရင်တော့ မှတ်ပုံတင်မယ့် အနေအထားကတော့ သင့်တင့်တဲ့ တုံ့ပြန်မှု၊ ကောင်းမွန်တဲ့ တုံ့ပြန်မှုလေးတော့ ပေါ်လာလိမ့်မယ်လို့ ကျနော်တို့ ယူဆနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပါတီက အမှန်တိုင်း ပြောရရင် တောခိုမယ့် ပါတီလည်း မဟုတ်ဘူး။ မြေအောက်လျှိုမယ့် ပါတီလည်း မဟုတ်ဘူး။ တရားဝင်ပါတီ အနေနဲ့ ရပ်တည်ချင်တာ။ သို့သော် ကျနော်တို့ ပြောနေတဲ့ ကိစ္စတွေက ကျနော်တို့ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ ကျနော်တို့ရဲ့ လိပ်ပြာသန့်မှု အနေအထားတွေကို ပြောဆိုနေခြင်း ဖြစ်ပါတယ်။ အဲတော့ အဲဒီဟာတွေ အကုန်လုံးကတော့ ကျနော်ထင်တယ်။ ပါတီကနေ အင်္ဂါနေ့မှာ ဆွေးနွေးတဲ့အခါမှာတော့ ဒီကိစ္စတွေ ပြီးပြတ်သွားလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။”

အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ များတယ်လို့ ယူဆလို့ ရတာပေါ့နော်။

“ဒါကတော့ အဓိပ္ပာယ် ဖွင့်ဆိုချက်ပေါ့။ အဓိပ္ပာယ် ဖွင့်ဆိုချင်သလို ဖွင့်ဆိုနိုင်ပါတယ်။ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကနေ ဆုံးဖြတ်ခြင်း မပြုသေးခင်မှာ ကျနော်ကတော့ အဲဒီလို အဓိပ္ပာယ် မဖွင့်ချင်သေးဘူး။ ဒါကတော့ စောင့်ကြည့်ရဦးမယ်။ ဆက်ပြီးတော့ ဆွေးနွေးကြဦးမယ်။ ဒါတွေက ကောင်းတဲ့ အခြေခံတွေတော့ ရှိနေတယ်လို့ ပြောနိုင်တယ်ပေါ့။ အဲဒီလိုပဲ ပြောချင်ပါတယ်။”

အခု အနေအထား အခင်းအကျင်းက အများကလည်း စိတ်ဝင်တစား စောင့်ကြည့်တာက ဘာပဲဖြစ်ဖြစ် နှစ်ဖက်ဆက်ဆံရေးက တော်တော်လေး အဆင်ပြေ ချောမွေ့နေတယ်။ တဖက်ကလည်း လိုက်လျောနိုင်သလောက် လိုက်လျောတယ်ပေါ့။ အဲလို အနေအထားမှာ အများပြည်သူက တိုင်းပြည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်ပြီးတော့ အကုန်လုံး စိတ်ချမ်းသာ လက်ချမ်းသာ နေထိုင်နိုင်တဲ့ဘ၀မျိုးကို မျှော်မှန်းတာပေါ့နော်။ အဲဒီအတွက်ကိုရော အန်ကယ်လ်တို့ ထည့်စဉ်းစားမှာလားဗျ။

“စဉ်းစားပါတယ်။ ကျနော်တို့ ဒီကိစ္စကို စဉ်းစားပါတယ်။ စစ်အစိုးရ အဆက်ဆက် အခု အရပ်သားအစိုးရလို့ အမည်ခံပြောတဲ့ စစ်တပိုင်း အစိုးရအထိကို တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ကျနော်တို့ အန်အယ်လ်ဒီဆိုတာ ရှိနေမှန်း သိလျက်သားနဲ့ ဒါကြီးကို ၀ါးလုံးခေါင်းထဲ ဆင်သွပ်သလိုပေါ့ဗျာ။ အတင်းအကျပ် မှတ်ပုံတင်စေချင်တာမျိုး လုပ်နေတဲ့အတွက်သာ လိပ်ခဲတည်းလည်း ဖြစ်နေတာကို။ သို့သော် သင့်တင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိမယ်။ အဲဒီအတွက်လည်း အန်အယ်လ်ဒီကလည်း ဒါတွေကို အလေးအနက်ထားပြီး စဉ်းစားနိုင်မယ်၊ ဖြေရှင်းနိုင်မယ်။ အဲဒီအတွက် ပေါ်ပေါက်လာတဲ့ ရလဒ်တွေဟာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်အောင်လို့ ဖန်တီးနိုင်မယ်ဆိုရင်တော့ ပြည်သူပြည်သားတွေအနေနဲ့က အများကြီး ၀မ်းသာနိုင်တာပေါ့ဗျာ။ တိုင်းသူပြည်သားတွေ ၀မ်းသာတယ်ဆိုတာကလည်း ကျနော်တို့ရဲ့ အလိုလားဆုံးကိစ္စတခု ဖြစ်တယ်လို့ ပြောလို့ရတာကိုး။”

ဒီကိစ္စနဲ့ အန်ကယ်လ် ဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောလို့ရပါတယ်။

“ဖြည့်စွက် ပြောရမယ်ဆိုရင်တော့ ဒီမှတ်ပုံတင် ကိစ္စဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်တဲ့ကိစ္စ ဖြစ်သော်ငြားလည်း ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးနဲ့ ပတ်သက်လို့တော့ ကျနော်တို့ကြားထဲမှာ ဆွေးနွေးရမယ်။ နောက်တခုက ကျနော်တို့ရဲ့ ဆွေးနွေးချက်တွေဟာ စီအီးစီတွင် မကဘဲ အောက်ခြေအဖွဲ့အစည်းများ ဖြစ်တဲ့ ဗဟိုကော်မတီ အစည်းအဝေးပေါ့ဗျာ တပြည်လုံးက ကိုယ်စားလှယ် ၁၀၉ ဦး လောက် တက်လာမယ့် အနေအထားတွေက ရှိတဲ့အခါကျတော့ အဲဒီမှာလည်း ချောချောမွေ့မွေ့ အဆင်ပြေပြေနဲ့ ဖြစ်စေလို့တဲ့ ဆန္ဒရှိတယ်ပေါ့ဗျာ။ အဲဒီဟာတွေကလည်း ပါတီဝင်ထု တောင်းတနေတဲ့ လိုလားနေတဲ့ သဘောထားတွေနဲ့ ကိုက်ညီခြင်း ရှိမရှိ ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပဲ။ ရွေးကောက်ပွဲကိစ္စ ဆိုတာကတော့ တော်တော်လေး လှမ်းပါတယ်။ အဲဒါကလည်း ပါတီက ခေါင်းဆာင်ကြီးများ ဆုံးဖြတ်တဲ့အပေါ်မှာ စောင့်ကြည့်ရမှာပဲလို့ ကျနော်ကတော့ အဲဒီလို သဘောထားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013