DVB Logo
Home
မြန်မာသတင်း
မောင်တောရဲကင်းစခန်း ထပ်မံတိုက်ခိုက်ခံရ၊ ရဲဒု-တပ်ကြပ် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
November 4, 2016
မောင်တောရဲကင်းစခန်း ထပ်မံတိုက်ခိုက်ခံရ၊ ရဲဒု-တပ်ကြပ် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းရှိ နူရူလ္လာရွာ ရဲကင်းစခန်းကို မနေ့ညနေက အကြမ်းဖက်သမားတွေ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။

နိုဝင်ဘာ ၃ ရက် ညနေ ၅း၄၅ မိနစ် အချိန်လောက်မှာ အမည်မသိ ဘင်္ဂါလီ ၅ ဦးက  ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ရဲကင်းစခန်းရှေ့မှာ ရပ်ကာ သေနတ်တိုနဲ့ ၁၀ ချက်၊ ၁၅ ချက်နီးပါး ပစ်ခတ်ခဲ့လို့ ရဲဒု-တပ်ကြပ် မင်းမင်းစိုး သေနတ်ဒဏ်ရာရရှိ ကျဆုံးခဲ့တာလို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် မျိုးဇော်ကိုလည်း ဝဲဘက်နံဘေး ပေါက်ထွက် ဝမ်းဗိုက်ထိမှန်ပြီး ညာဘက် ပေါက်ထွက်ဒဏ်ရာ ရရှိသွားလို့ မောင်တောမြို့ ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသမှု ခံယူနေရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အခင်းဖြစ်ပွားနေရာကို ကျီးကန်ပြင်စခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းလိုက်သွားတယ်လို့ အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အဲဒီနေရာကို သွားနေပါတယ်။ ကြားတာက ရဲတပ်သား ၁ ဦး ကျတယ်။ ၁ ဦး ဒဏ်ရာပြင်းရတယ်လို့ ကြားပါတယ်။ အသေးစိတ်ကို အတိအကျပြောလို့ မရသေးဘူးခင်ဗျ။ လောလောဆယ်တော့ အဲ့ဒီနေရာကို ကျနော်တို့ သွားနေပါတယ်။”

နူရူလ္လာရွာက အမည်မဖော်လိုသူ ရွာသားတဦးကလည်း မနေ့ညနေက ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း မောင်တောမြို့နယ်ထဲမှာ နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရတာဖြစ်ပြီး ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ သံတမန်တွေ ရခိုင်ပြည်နယ်ကို လာရောက် လေ့လာနေစဉ်မှာ တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013