
ဂျပန်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဖူမီအိုကီရှီဒါ နဲ့ ဒီနေ့မနက်က တွေ့ဆုံပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
သူတို့နှစ်ဦး တွေ့ဆုံရာမှာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့်ကိစ္စ၊ အာဆီယံ ပေါင်းစည်းဆက်နွယ်ရေး အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ၊ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁ ရက်ကစလို့ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး ၅ ရက် စတင်ခဲ့တာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်နဲ့လည်း မနေ့က တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။











