
အခုနှစ်ကျင်းပနေတဲ့ ဖီဖာ ကမ္ဘာ့ဖလားသမိုင်းမှာ ထူးထူးခြားခြား FIFA Ranking အဆင့်သတ်မှတ်ချက် ခြေစွမ်းအမြင့်ဆုံး အကောင်းဆုံးဆိုတဲ့ ထိပ်ဆုံး ၄ သင်းဖြစ်တဲ့ အာဂျင်တီးနား၊ အင်္ဂလန်၊ ပြင်သစ်နဲ့ စပိန် တို့ပဲ ဆီမီးဖိုင်နယ်မှာ ကျန်ရစ်ခဲ့ပါတယ်။ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ နောက်ဆုံး ခြေစွမ်းသတ်မှတ်ချက်အရ ပြင်သစ်က ထိပ်ဆုံး အဆင့် ၁၊ အာဂျင်တီးနားအသင်းက ဒုတိယ၊ စပိန်က တတိယနဲ့ အင်္ဂလန်က စတုတ္တအကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရတာပါ။
🇫🇷 ပြင်သစ် တိုက်စစ်အပြင်းဆုံးအသင်း (၁၉၉၈၊ ၂၀၁၈ ချန်ပီယံ)
ဒီနှစ်ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားက ၁၇ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားပေမဲ့ တိုက်စစ်တစုံလုံး အင်အားမှာ ပြင်သစ်က ပိုကြမ်းပါတယ်။ ပြင်သစ်က မိနစ် ၉၀ အလိုက် ဂိုးအများဆုံး၊ ကန်ချက်အများဆုံး ဖြစ်သလို စပိန်ကလည်း ကန်ချက် ၁၁၀ စီ တူတူရှိပေမဲ့ ပြင်သစ်က ၁၆ ဂိုး၊ စပိန်က ၁၁ ဂိုးပဲ ရထားတယ်။ စပိန်ခံစစ်က သိပ်ကောင်းပေမဲ့ အမ်ဘာပေ ဦးဆောင်တဲ့ ပြင်သစ်ရှေ့တန်းကို မိနစ် ၉၀ လုံး ထိန်းထားဖို့ ခက်ပါမယ်။ ပြင်သစ်ဘက်က အရှိန်တင် ဘောလုံးဆွဲ ပြေးဝင်သွားမဲ့ အလားအလာ များနိုင်ပါတယ်။
🇪🇸 စပိန် ၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံ၊ လက်ရှိ ဥရောပ ချန်ပီယံ
ဥရောပချန်ပီယံဆု အများဆုံးရထားတဲ့ စပိန်အသင်းဟာ ခံစစ်ကောင်းသလို ဘောလုံးကိုင်တာ ကောင်းပေမဲ့ ဂိုးရှေ့မှာ မပြတ်သားပါဘူး။ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်က ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းနဲ့ ပြိုင်ပွဲတခုလုံးမှာ အမြင့်ဆုံးဖြစ်သလို ပေးပို့မှု တိကျနှုန်းကလည်း အာဂျင်တီးနားနဲ့အတူ ၉၀ ဒသမ ၄ ရာခိုင်နှုန်း ရှိပါတယ်။ ပြေးအား၊ sprint နဲ့ pressing မှာလည်း ဆီမီးဖိုင်နယ်တက်တဲ့ ၄ သင်းထဲ အကောင်းဆုံး ဖြစ်ပါတယ်။ ခံစစ်ကလည်း အုပ်စုနဲ့ ရှုံးထွက်ပွဲစဉ်တွေထိ ပေးဂိုးလုံးဝမရှိခဲ့ဘဲ ဘယ်လ်ဂျီယံနဲ့ ကွာတားဖိုင်နယ်ရောက်မှ ပထမဆုံးဂိုး ပေးခဲ့ရတာပါ။ ဒါပေမဲ့ ရှေ့တန်းကတော့ ကန်ချက်ရှိသလောက် ဂိုးမရထားဘူး။ ပြင်သစ်လို အသင်းနဲ့ဆို အခွင့်အရေးဖြုန်းတာ တကြိမ်၊ နှစ်ကြိမ်က ပွဲကို ဆုံးဖြတ်သွားနိုင်တယ်။
🇦🇷 အာဂျင်တီးနား ၁၉၇၈၊ ၁၉၈၆၊ ၂၀၂၂ ချန်ပီယံ
မက်ဆီ ဦးဆောင်တဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ရသမျှအခွင့်အရေးကို အသုံးချတတ်ဆုံးအသင်း ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ အခွင့်အရေးတွေရဲ့ ၁၈ ရာခိုင်နှုန်းကို ဂိုးအဖြစ် ပြောင်းနိုင်တာ ၄ သင်းထဲ အတိကျဆုံးပါ။ အသင်းခေါင်းဆောင် မက်ဆီကလည်း ဒီကမ္ဘာ့ဖလားမှာ သွင်းဂိုး ၈ ဂိုးအထိ သွင်းယူထားပြီး အခွင့်အရေးဖန်တီးမှု ၁၅ ကြိမ်နဲ့ အများဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းလိုက်ပြေးအားနဲ့ pressing ကတော့ အားနည်းကြပါတယ်။
🏴အင်္ဂလန် ၁၉၆၆ ချန်ပီယံ
အင်္ဂလန်အသင်းဟာ ဂိုးဖန်တီးနိုင်မှု အနည်းဆုံးပေမဲ့ ဂိုးရအောင် သွင်းတတ်တဲ့အသင်းပါ။ အင်္ဂလန်က ကျန် ၃ သင်းလောက် အခွင့်အရေး မဖန်တီးနိုင်ပေမဲ့ ဘယ်လင်ဂမ်နဲ့ ဟယ်ရီကိန်း တို့ရဲ့ အဆုံးသတ်ကောင်းလို့ ပျမ်းမျှ တပွဲမှာ ၂ ဂိုးကျော်နှုန်းနဲ့ သွင်းထားပါတယ်။ နောက်တန်းကတော့ စိုးရိမ်စရာရှိတယ်။ အာဂျင်တီးနားနဲ့အတူပဲ ပေးဂိုး ၆ ဂိုးရှိတယ်။ အင်္ဂလန်ကို အာဂျင်တီးနား မယှဉ်နိုင်တာတခုက အမြင့်ဘော။ အင်္ဂလန်က ဖြတ်တင်ဘောနဲ့ ခေါင်းတိုက်ဂိုး ၄ ဂိုး၊ ခေါင်းတိုက်ကန်ချက် ၂၄ ကြိမ်နဲ့ ပြိုင်ပွဲထဲ အများဆုံးဖြစ်ပြီး အာဂျင်တီးနားကတော့ ဆီမီးဖိုင်နယ် ၄ သင်းထဲ အမြင့်ဘောယှဉ်လုမှု အားအနည်းဆုံးအသင်း ဖြစ်ပါတယ်။
ခန့်မှန်း
နောက်ဆုံးရ အွန်လိုင်း ခန့်မှန်းချက်တွေမှာတော့ ဆီမီးဖိုင်နယ်မှာ ပြင်သစ်က စပိန်ထက် အနိုင်ရဖို့ အလားအလာများသလို အင်္ဂလန်အသင်းက အာဂျင်တိုင်းတွေကို နိုင်ဖို့များတယ်လို့ ခန့်မှန်းနေကြတယ်။ နောက်ဆုံးမေးခွန်းကတော့ ဆီမီးမှာ ပြင်သစ်က စပိန်ကို တိုက်စစ်အရှိန်နဲ့ ဖြုတ်ချနိုင်မလား၊ စပိန်နွားရိုင်းသတ်သမားက ပါရီကျဆုံးခန်း အသစ်ရေးမလား၊ အင်္ဂလန်က အမြင့်ဘောအားကိုးနဲ့ နှစ်ရှည်ကျိန်စာ ဖျက်နိုင်မလား၊ အာဂျင်တီးနားကပဲ အင်္ဂလန်ကို အသည်းခွဲဦးမှာလား။
နောက်ဆုံး ချန်ပီယံဗိုလ်လုပွဲရော ပြင်သစ်နဲ့ အင်္ဂလန် တွေ့ပြီး ဘောလုံးပရိသတ်တွေအတွက် မမေ့နိုင်စရာ ပွဲကြီးပွဲကောင်းတပွဲပဲ ဖြစ်လာမလား။ ဒါမဟုတ် စပိန်အသင်းက အာဂျင်တီးနားနဲ့ တွေ့မလား၊ အင်္ဂလန်က စပိန်နဲ့ တွေ့မလား။ ဒါမှမဟုတ် ပြင်သစ်နဲ့ အာဂျင်တီးနားတို့ပဲ လွန်ခဲ့တဲ့ ၄ နှစ်က မကျေပွဲ ပြန်ဆုံကြမလား။ ပရိသတ်တွေရဲ့ အမြင်တွေလည်း ရေးသားထားခဲ့နိုင်ပါတယ်။
Photo: Reuters










