DVB Logo
Home
မြန်မာသတင်း
ပြည်တော်ပြန် ဒုက္ခသည်များ တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် အဆင်မပြေ
DVB
·
November 3, 2016
ပြည်တော်ပြန် ဒုက္ခသည်များ တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် အဆင်မပြေ
Donate to DVB

 

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းကနေ မြန်မာပြည် ပြန်လာတဲ့ မိသားစုဝင် ၄ စုကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က အရစ်ကျစနစ်နဲ့ အိမ်ရာရောင်းချပေးပေမယ့် ဒုက္ခသည်တွေက မဝယ်ယူနိုင်ဘဲ ဖြစ်နေပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်နဲ ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းကနေပြန်လာတဲ့ ဒုက္ခသည်တွေထဲက  အိမ်ထောင်စု ၄ စုဟာ အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်ကို ရောက်ရှိ လာခဲ့တာပါ။

ဒုက္ခသည်တွေက ရန်ကုန်မြို့မှာ နေချင်တယ်လို့ တောင်းဆိုတာကြောင့် လူ၊ ကယ်၊ ပြန်ဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လှိုင်သာယာက တန်ဖိုးနည်း အိမ်ရာတွေမှာ အရစ်ကျ စနစ်နဲ့ရောင်းချ ပေးဖို့စီစဉ်ထားပါတယ်။

ဒါပေမယ့် အိမ်ရာတန်ဖိုးဟာ ငွေကျပ်သိန်း ၉၀ ကျော်ဝန်းကျင်ရှိပြီး သိန်း ၃၀ စရန် ပေးရမှာဖြစ်တာကြောင့် သူတို့မိသားစုဝင်တွေအတွက် အဆင်မပြေဘူးလို့ နို့ဖိုးဒုက္ခသည် စခန်းက ရန်ကုန်ကို ရောက်လာခဲ့တဲ့  ဒေါ်ခင်စန်းရီက  ပြောပါတယ်။

“ကျမတို့ကို တရားဝင် လွှဲပြောင်းပြီးတော့ ပြန်ရောက်လာတဲ့ ပြည်တော်ပြန် ဒုက္ခသည်တွေပါ။ ဒီမှာ ဘယ်လိုလို့ ပိုက်ဆံပါမလဲ။ ဟုတ်တယ်မဟုတ်လား။ သိန်း ၃၀ ဘယ်နားက သွားရှာပေးမလဲ။ အဲတော့ အဲဒါကို ကျမတို့က တာဝန်ရှိသူတွေလာရင် ကျမတို့ ဆွေးနွေးမယ်။ ကျမတို့မှာ မပေးနိုင်ပါဘူး။ မတတ်နိုင်ပါဘူး။ ”

နောက်ထပ်ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအေးလွင်ကလည်း ကလေးတွေ ကျောင်းတက်ဖို့ အမြန်ဆုံး အဆင်ပြေချင်တယ်လို့ ပြောပါတယ်။

“ကလေးတွေလည်း ကျောင်းမတက်ရဘူး ဖြစ်နေတယ်။ အဲတော့ အခုဖြစ်ချင်ဆုံးကတော့ နေရာစရာ၊ ဒီရန်ကုန်တိုင်းထဲမှာ ဘယ်မြို့နယ်မှာပဲဖြစ်ဖြစ် နေစရာလေး အဆင်ပြေပြီးတော့ ကလေးတွေကို အမြန်ဆုံး ကျောင်းထားချင်တယ်ပေါ့နော်။ တိုက်ခန်းဝယ်ဖို့ကိစ္စကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဦးတို့က ဒုက္ခသည်စခန်းကနေပြီးတော့ ပြန်လာတာလေ။ ဦးတို့ ဟိုဘက်ဒုက္ခသည်စခန်းမှာ ဆိုတာက အပြင်ကို ထွက်ပြီး အလုပ်လုပ်လို့မရပါဘူး။ ”

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ဘက်ကတော့ ပြန်ရောက်လာတဲ့ မိသားစုတစုကို ကျပ် ၃ သိန်း ထောက်ပံ့ထားပြီး နေ့စဉ် ထမင်းစရိတ်အနေနဲ့ တယောက်ကို ငွေကျပ် ၃ ထောင် ထောက်ပံ့ပေးနေပါတယ်။

အိမ်ရာပေးတဲ့နေရာမှာတော့ အရစ်ကျစနစ်နဲ့ ရောင်းချပေးတာကို သဘောမတူတာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ထပ်မံတင်ပြပေးသွားမယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းရွှေက ပြောပါတယ်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့မှ ဒီအိုးအိမ်ဦးစီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ဒီ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ရွှေလင်ဗန်းအိမ်ရာမှာ နေရာချထားပေးဖို့ပေါ့နော်။ ချပြထားပြီးတော့မှ သူတို့ချင်း ညှိနှိုင်းချက်အရ ထွက်လာတဲ့အဖြေကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျနော် ဆက်ပြီးတော့မှ တင်ပြသွားမှာဖြစ်ပါတယ်။”

လတ်တလောမှာတော့ အဲဒီဒုက္ခသည်တွေကို ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဦးစီဌာနရဲ့ဗဟိုသိုလှောင်ရုံမှာ ခေတ္တထားရှိပါတယ်။

ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းကနေ ဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၆၅ ဦးတို့ အောက်တိုဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံဘက်ကို အစိုးရရဲ့ အစီအစဉ်နဲ့ ပထမဆုံး အကြိမ် တရားဝင် ပြန်လည်ဝင်ရောက်ခဲ့တာပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ ကျန်ဒုက္ခသည်တွေကတော့ နေရပ်ကို အသီးသီးပြန်လည်ရောက်ရှိ သွားပြီဖြစ်ပြီး ရန်ကုန်မြို့မှာ အိမ်ထောင်စု ၄ စုသာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

သတင်း - ရန်နိုင်ဇော်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013