DVB Logo
Home
မြန်မာသတင်း
ဂျပန်က မြန်မာကို ၅ နှစ်အတွင်း ယန်းငွေ ၈၀၀ ဘီလီယံ ကူညီပေးမည်
DVB
·
November 3, 2016
ဂျပန်က မြန်မာကို ၅ နှစ်အတွင်း ယန်းငွေ ၈၀၀ ဘီလီယံ ကူညီပေးမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအ၀င် အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အထောက်အကူပြုစေဖို့ ၅ နှစ်အတွင်း ဂျပန်ယန်းငွေ ၈၀၀ ဘီလီယံ ကူညီပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြေညာပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့ညနေက တွေ့ဆုံပြီးနောက် ခုလိုကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီအကူအညီတွေထဲမှာ မြန်မာနိုင်ငံအစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုစေဖို့  တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၅ နှစ်အတွင်း ဂျပန်ယန်းငွေ ၄၀ ဘီလီယံ အကူအညီပေးမယ့် အစီအစဉ်လည်း ပါဝင်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလမ်းစဉ်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ဂျပန်နိုင်ငံမှ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပိုမိုလာရောက်ရေး၊ ပြည်သူတွေအကြား ချစ်ကြည်ရေးနဲ့ အပြန်အလှန်ဖလှယ်မှုတွေက တဆင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးစတဲ့ကဏ္ဍတွေမှာ ပံ့ပိုးကူညီသွားမယ်လို့လည်း ဆိုပါတယ်။

မနေ့ညနေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဂျပန်ဝန်ကြီးချုပ်က တိုကျိုမြို့ရှိ အာကာဆာကာ နိုင်ငံတော်ဧည့်ဂေဟာမှာ   ဂုဏ်ပြုအခမ်းအနားနဲ့ ကြိုဆိုပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရာမှာတော့ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု ပိုမိုလာရောက်ရေး၊ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နှစ်ဘက်လူငယ်တွေအကြား အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံက အကူအညီပေးမယ့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အထောက်အပံ့တွေကို ပွင့်လင်းမြင်သာစွာနဲ့ ငြိမ်းချမ်းရေးရရှိမယ့် လုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားမယ်၊ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ ဂျပန်အစိုးရ ထောက်ပံ့ငွေတွေနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအပေါ် အကူအညီပေးမယ့် လုပ်ငန်းတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁ ရက်ကနေ ၅ ရက်ထိ ဂျပန်နိုင်ငံမှာ ၅ ရက်ကြာ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေတာဖြစ်ပြီး မနေ့က တိုကျိုမှာရှိတဲ့ မြန်မာအသိုင်းအ၀န်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မြန်မာနိုင်ငံကို လုပ်အားပေးတွေ စေလွှတ်ရေးဆိုင်ရာ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကိုလည်း ဂျပန်ဝန်ကြီးချုပ်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013