DVB Logo
Home
မြန်မာသတင်း
ရှေ့တန်းပြန်တပ်မတော်သားများကို ဆန္ဒမပါဘဲကြိုဆိုခိုင်းမှု ချင်းလူငယ်အဖွဲ့ကန့်ကွက်
DVB
·
November 2, 2016
ရှေ့တန်းပြန်တပ်မတော်သားများကို ဆန္ဒမပါဘဲကြိုဆိုခိုင်းမှု ချင်းလူငယ်အဖွဲ့ကန့်ကွက်
Donate to DVB

 

ချင်းပြည်နယ် ဖလမ်းမြို့မှာ ရှေ့တန်းပြန်တပ်မတော်သားတွေကို ပြည်သူလူထုက ၃ ရက်တိုင် ကြိုဆိုကြဖို့ ခရိုင်မှူးက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး   ဖလမ်းချင်း လူငယ်အဖွဲ့က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က  ခလရ ၂၆၈ က ရှေ့တန်းပြန် မြန်မာ့ တပ်မတော်သားတွေကို ခရိုင်အုပ်ချုပ်ရေးဌာနက ဦးစီးပြီး ကြိုဆိုဂုဏ်ပြုပွဲလုပ်ရာမှာ ဌာနဆိုင်ရာ ဝန်ထမ်း၊ ကျောင်းသူကျောင်းသားတွေအပြင် ပြည်သူလူထုတွေကိုပါကြိုဆိုကြဖို့ သက်ဆိုင်ရာက ညွှန်ကြားချက်ထုတ်ခဲ့တာပါ။

ဒီဆောင်ရွက်ချက်ဟာ အာဏာနဲ့ ချုပ်ချယ်ဖိအားပေး စေခိုင်းရာရောက်တဲ့အတွက် ကန့်ကွက်ရတာလို့ ဖလမ်း ချင်းလူငယ်အဖွဲ့ အထွေအထွေအတွင်းရေးမှူး ဆလိုင်းရှန်းကျုံးလွယ်က  ဒီဗွီဘီကို ပြောပါတယ်။

“တပ်မတော်သားတွေ ကိုယ့်တပ်ရင်းကိုယ် ချောချောမောမော ပြန်ရောက်လာတာ သူတို့ မိသားစုဝင်တွေကို လူသားချင်း စာနာပါတယ်။ ဒါပေမယ့် အခုက ဒီမိုကရေစီရောင်ခြည်သန်း လာတဲ့ အခါသမယလေ၊  လူထုဆန္ဒသဘောထား မပါဘဲနဲ့ သွားကြိုခိုင်းတဲ့ ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ရပ်ကို ကျနော်တို့ ရှုတ်ချတာဖြစ်တယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်ပြီးတော့မှ ရှေ့တန်းပြန်တပ်မတော်သားတွေကို ကြိုဆိုခိုင်းတဲ့ အပေါ် ကျနော်တို့ ရှုတ်ချတယ်၊  ပြီးတော့ အဲဒီတပ်မတော်သားတွေ သွားတိုက်နေတာက တိုင်းတပါးသား နိုင်ငံခြားသားတွေ မဟုတ်ဘူး၊ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းပဲ၊ ဥပမာ ကချင်ဆိုရင် ကျနော်တို့ ချင်းနဲ့ ညီအစ်ကိုတွေ၊ ကျနော်တို့ တောင်ပေါ်သား တိုင်းရင်းသား ညီအကိုကို သွားတိုက်နေတဲ့သူကို ကျနော်တို့ ဘယ်လိုလုပ် ကြိုဆိုနိုင်မလဲဗျာ”

တပ်မတော်သားတွေ ပြန်ရောက်လာတဲ့အခါမှာလည်း ပြည်သူအများစုက သွားမကြိုဘဲ ညွှန်ကြားချက်မလွန်ဆန်နိုင်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းနဲ့ ကျောင်းသူကျောင်းသားတွေသာ သွားရောက်ကြို ဆိုခဲ့ကြတယ်လို့လည်းပြောပါတယ်။

ရှေ့တန်းပြန်တွေကို ကြိုဆိုဖို့ပျက်ကွက်သူတွေကိုတော့ သက်ဆိုင်ရာက ဘာမှ အရေးယူတာမရှိဘူးလို့သိရပါတယ်။

ဖလမ်းမှာ ယခင်က နိုင်ငံတော်အကြီးအကဲတွေ တာဝန်ရှိသူတွေ ရောက်လာရင် သွားရောက်ကြိုဆိုလေ့ရှိခဲ့ပြီး ရှေ့တန်းပြန်တပ်မတော်သားတွေကို သွားကြိုဖို့ ညွှန်ကြားခံရ တာကတော့ အန်အယ်လ်ဒီအစိုးရသစ် တက်လာမှ ပထမဆုံးအကြိမ်ပဲလို့ ဆလိုင်းရှန်း ကျုံးလွယ်က  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013