DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာအောင် နိုင်ငံခြားရောက်မြန်မာတွင် တာဝန်တခုရှိဟု ဒေါ်စု ပြော
DVB
·
November 2, 2016
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာအောင် နိုင်ငံခြားရောက်မြန်မာတွင် တာဝန်တခုရှိဟု ဒေါ်စု ပြော
Donate to DVB

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာချင်စိတ်ရှိအောင် နိုင်ငံခြားရောက် မြန်မာများမှာ တာဝန်တခုရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဒီနေ့မနက် ၉ နာရီခွဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲမှာ သူက ပြောခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်တဲ့စိတ်ဖြစ်အောင်လို့လည်း ကျမတို့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသူနိုင်ငံသားများမှာ တာဝန်တခု ရှိပါတယ်။ နိုင်ငံခြားရောက် နိုင်ငံသူနိုင်ငံသားများရဲ့ အခြေအနေကို ကြည့်ပြီးတော့ နိုင်ငံတကာက မြန်မာနိုင်ငံဆိုတာ ငါတို့တွေ သွားပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်သင့်တဲ့ နိုင်ငံလားဆိုတာကို အတိုင်းအတာတခုထိ အဲ့ဒါကို ကြည့်ပြီးတော့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်”
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကျွမ်းကျင်တဲ့လုပ်ငန်းရှင်တွေ ဝင်ရောက်လာဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ရောက်မြန်မာများနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံရဲ့ လတ်တလော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပြောဆိုဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူတွေရဲ့ မေးမြန်းချက်တွေကိုလည်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

အဲ့ဒီလို ဖြေကြားရာမှာ သူက နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု မရှိသေးတဲ့အကြောင်း တရားဥပဒေ စိုးမိုးမှုဆိုတာကို အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ရမှာဖြစ်ပေမယ့် ယဉ်ကျေးမှုကိုလည်း အခြေခံတဲ့ အကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဘာလို့ မရသေးဘူးလည်းဆိုရင် အပစ်မရပ်ချင်သေးတဲ့ တပ်ဖွဲ့တွေ ရှိနေသေးလို့ပဲ ဖြစ်ကြောင်း၊ သူတို့ ဘာလို့ အပစ်မရပ်ချင်ကြသေးလည်းဆိုတာကို ဆွေးနွေး အဖြေရှာနေကြောင်း၊ ပညာရေးကဏမှာ နိုင်ငံခြားက ပညာရေးနဲ့ တန်းတူအောင် အတန်းတိုးမြှင့်ရမယ်ဆိုတာ သိပေမယ့် ချက်ချင်းကြီး ပြောင်းလဲ လုပ်ဆောင်လို့ မရကြောင်း စသဖြင့် ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ချစ်ကြည်ရေးခရီး စတင်ပြီး နောက်တနေ့မှာပဲ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံမှုအတွင်း ဂျပန်ရောက် မြန်မာဆရာဝန်တွေ အနေနဲ့ လူအားမတတ်နိုင်ရင်တောင် ငွေအားနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ကူညီကြဖို့ လည်း တိုက်တွန်း ပြောကြားသွားပါတယ်။

ဂျပန်ရောက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ညနေပိုင်းမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013