DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသည့် ရခိုင်ဒုက္ခသည်များ နေရပ်ပြန်
DVB
·
November 1, 2016
အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသည့် ရခိုင်ဒုက္ခသည်များ နေရပ်ပြန်
Donate to DVB

အောက်တိုဘာ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တွေကြောင့် မောင်တော၊ ဘူးသီးတောင်ဒေသကျေးရွာတွေကနေ နေရပ်တွေ စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့  ဒုက္ခသည်တွေ နေရပ်တွေကို ပြန်နေကြပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခသည် ဦးရေ ၂၀၀ လောက်ပဲကျန်ရှိပြီး  မောင်တော သာသနာ့ဗိမာန်မှာ ဒုက္ခသည် ဦးရေ ၆၈ ဦး၊ ဘူးသီးတောင်အမှတ် ၁၁ မှာ ဒုက္ခသည် ၃၀ ဦးနဲ့ စစ်တွေ ဓညဝတီကယ်ဆယ်ရေးစခန်းမှာ ဒုက္ခသည် ၁၀၀ ကျော်လောက်သာ ရှိနေပါသေးတယ်။
ဘူးသီးတောင်ကယ်ဆယ်ရေးစခန်းက ဦးဆောင်ကော်မတီဝင် ဦးဇော်ဝင်းက “လက်ရှိကျနော်တို့ ဒုက္ခသည်စခန်းမှာ ဒီနေ့အထိ အိမ်ထောင်စု ၉ စုနဲ့ လူဦးရေ ၃၀ လောက်ပဲ ကျန်ပါတော့တယ်ဗျ။ ကျနော်တို့ ဘူးသီးတောင်ဒုက္ခသည်စခန်းမှာက အကြမ်းဖက်ခံရနေ့ ကတည်းက ရောက်လာကြတာ ၁၃၀၀ ကျော် လောက်ရှိတယ်။ ဒီလ ၂၃ ရက်နေ့ ကတည်းက စပြီး တစတစပြန်ကြတယ်။ သူတို့ အားလုံးပြန်တာက စိတ်ချရတဲ့ အခြေအနေနဲ့ ကိုယ့်ရပ်ရွာကို ပြန်ကြတာ မဟုတ်ဘူးပေါ့လေ။ လုံခြုံရေးအရ အားနည်းချက်ရှိသေးတယ်။ သူတို့က ကိုယ့် အစီစဉ်နဲ့ကိုယ် နေကြပါတယ်။ လက်ရှိအချိန်အထိ ကျနော်တို့က ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အဆင်ပြေသလို လုပ်ပေးနေရပါတယ်”လို့ ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ဘူးသီးတောင် အမှတ် ၁၁ ကျောင်းမှာ အိမ်ထောင်စု ၂၀၆ နဲ့ လူဦးရေ ၁၃၀၀ ကျော်ခိုလှုံခဲ့ကြတာပါ။

လက်ရှိအချိန်မှာ ဓညဝတီဒုက္ခသည်စခန်းမှာ ၁၀၀ ကျော်လောက်သာ ကျန်ရှိနေသေးတယ်လို့ ဓညဝတီ ကယ်ဆယ်ရေးစခန်း စီမံခန့်ခွဲသူ ဦးသန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ဓညဝတီဒုက္ခသည်စခန်းမှာတော့ ဒုက္ခသည်ဦးရေ ၁၀၀ ကျော်လောက်ပဲ ကျန်ပါတော့တယ်။ စစ်တွေ ဓညဝတီကယ်ဆယ်ရေးစခန်းကမှာက မောင်တောတောင်ပိုင်း ဘက်က ထွက်ပြေးလာသူတွေများတယ်ပေါ့လေ။ ဒီကယ်ဆယ်ရေးစခန်းတွေ ဖြစ်တဲ့နေ့က အားလုံးစုစုပေါင်းဆိုရင် လူဦးရေ ၉၁၀ ကျော်လောက် ခိုလှုံခဲ့တာပေါ့လေ။ လုံခြုံရေးအရ စိတ်ချရတဲ့အခြေအနေနဲ့ပြန်တာတော့ မဟုတ်ဘူးပေါ့။”

လက်တလောမှာတော့ စိတ်ချရတဲ့ အခြေအနေနဲ့ပြန်တာမဟုတ်ဘဲ စပါးရိတ်သိမ်းချိန်တန်လို့ မဖြစ်မနေပြန် ရတာဖြစ်ပြီး စိုးရိမ်စိတ်တွေ ရှိနေသေးတယ်လို့ ငခူးရကျေးရွာမှ ဦးသာဇံအောင်က ပြောပါတယ်။

“ကျနော်တို့က ကိုယ့်ဆန္ဒနဲ့ကိုယ်ပြန်ကြတာပါ။ လုံခြုံရေးအရအခြေအနေ မကောင်းပေ မယ့် မပြန်ဖြစ်လို့ ကျနော်တို့ ပြန်ရတာပါ။ အခုအချိန်က စပါးရိတ်သိမ်းရောက်နေတာမို့ မပြန်လို့လဲ မဖြစ်ဘူး။ မပြန်ရင်ဟိုမှာ လုပ်ထားတာတွေ အကုန်ဆုံးသွားလိမ့်မယ်။ နောက်ပြီး မိသားစု စားဝတ်နေရေးကလည်း ရှိသေးတယ်။ တောင်းဆိုချင်တာက တခုက ကျနော်တို့ တိုင်းရင်းသား လူနည်းစုတွေ တပ်မတော်ဘယ်လိုအကာအကွယ်ပေးစေချင်တယ်။ ကျနော်တို့ ဖြစ်ချင်တာက ဒီဘင်္ဂလီတွေက ကျနော်တို့ကို ထပ်မံပြီးရန်ပြုလာမှာကိုကြောက်တယ်။ စိုးရိမ်တယ်။ လုံခြုံရေး တွေ ကိုစနစ် တကျလုပ်ပေးစေချင်တယ်။”

အကြမ်းဖက်မှုတွကြောင့်ထွက်ပြေးတိမ်ရှောင်လာတဲ့သူတွေကတော့ ဘူးသီးတောင်၊ မောင်တောတောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကဖြစ်ကြပါတယ်။ အကြမ်းဖက်ခံရပြီးနောက် မောင်တောမြို့ အလိုတော်ပြည်ကျောင်းမှာ ၃၀၉ ဦးခိုလှုံခဲ့ပြီး၊ မောင်တော သာသနာ့ဗိမာန်မှာ ၁၉၇ ဦး လက်ရှိ အချိန်အထိမပြန်ဖြစ်သေးတဲ့ဒုက္ခသည်ဦးရေ ၆၈ ဦးကျန်သေးပါတယ်။

ဒါ့အပြင် စစ်တွေဓညဝတီ ဘောလုံးကွင်းကယ်ဆယ်ရေးစခန်းမှာ ဒုက္ခသည်ဦးရေ ၉၁၀ ခိုလှုံခဲ့ပြီး၊ လက်ရှိအချိန်အထိ ဒုက္ခသည်ဦးရေ ၁၀၀ ကျော် လောက်သာကျန်နေသေးပါတယ်။
အကြမ်းဖက်မှုရန်ကိုကြောက်လို့ မောင်တောနဲ့ဘူးသီးတောင်ဒေသတွေမှ ထွက်ပြေး တိမ်းရှောင်လာပြီး၊ နီးစပ်ရာ ဆွေးမျိုးတွေဆီနေထိုင်သူတွေလည်း  ၁၀၀၀၀ ကျော်လောက်ရှိ နိုင်သေးတယ်လို့ ကယ်ဆယ်ရေးစခန်းတာဝန်ရှိသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013