DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းသည်ထက် လျော့နည်းနိုင်ဟုသမ္မတပြော
DVB
·
October 31, 2016
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းသည်ထက် လျော့နည်းနိုင်ဟုသမ္မတပြော
Donate to DVB

 

လတ်တလောဖြစ်ပေါ်တဲ့ နိုင်ငံတော်ရဲ့  မက်ခရို စီးပွားရေးအခြေအနေအရ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)ဟာခန့်မှန်းတာထက် လျော့နည်းနိုင်ပြီး စီးပွားရေးတိုးတက်မှုနှုန်းဟာလည်း  ခန့်မှန်းတာထက်  လျော့နည်းနိုင်တာတွေ့ရတယ်လို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

ဒီကနေ့ မနက်က နေပြည်တော် သမ္မတအိမ်တော် အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၆) အစည်းအဝေးမှာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောသွားတာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ငွေကြေး တန်ဖိုးတွေအပေါ် ရိုက်ခတ်ခဲ့ရာမှာ  မြန်မာနိုင်ငံဟာလည်း  နိုင်ငံခြားငွေလဲလှယ်နှုန်း မတည် ငြိမ်မှုတွေကို ကြုံတွေ့ခဲ့ရပါကြောင်း၊ နှစ်အဆက်ဆက် ဘတ်ဂျက်လိုငွေပြမှု အပါအဝင် ကုန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေများအရ ငွေဖောင်း ပွမှုနှုန်း မြင့်မားလာတာ တွေ့ရတယ်လို့လည်း သမ္မတကပြောပါတယ်။

နိုင်ငံတော်အနေနဲ့ ငွေရေးကြေးရေး နယ်ပယ်မှာ ပြုပြင်ပြောင်းလဲမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း၊ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးထောက်ပံ့မှု တိုးမြှင့်ရရှိရန်၊ နိုင်ငံပိုင်လုပ်ငန်းတွေ ပြန်လည်တည်ဆောက်ရန်ဆောင်ရွက်နေပြီး တဘက်မှာလည်း ကမ္ဘာ့စီးပွားရေး နှေးကွေးကြပ်တည်းနေတဲ့ ခုလိုအချိန်မှာ နိုင်ငံတော်၏ ဘဏ္ဍာငွေတွေကို စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြဖို့နဲ့ ပွင့်လင်းမြင်သာမှု မြှင့်တင်ဖို့လည်း သမ္မတက အစိုးရ၀န်ကြီးတွေကို တိုက်တွန်းပြော သွားပါတယ်။

ဒါ့အပြင် နိုင်ငံ့စီးပွားရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန် နေကြကြောင်း၊ နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်တဲ့ စီမံကိန်းများ၊ ဘတ်ဂျက်များ ဖြစ်ဖို့ အစိုးရဌာန ဆိုင်တွေက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အဝရှိရန် အရေးကြီး ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိ ထိရောက်အောင် စီမံခန့်ခွဲသုံးစွဲကြဖို့လည်း နိုင်ငံတော်သမ္မတက မှာကြားသွားပါတယ်။

ဒီအစည်းအဝေးကို ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ၊  ဦးဟင်နရီ ဗန်ထီးယူနဲ့ ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းတို့ အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက် ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်လက်  သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲ မှုတွေလုပ်ဆောင်နေပေမယ့် စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းမယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကလည်း  ခန့် မှန်းထားပါတယ်။  

မေလမှာ မြန်မာ့စီးပွားရေးဟာ  ၈ ရာခိုင်နှုန်းနဲ့ တိုးတက်မယ်လို့ခန့်မှန်းထားရာက လက်ရှိ ဘဏ္ဍာနှစ်ကုန်မယ့် မတ်လ ၃၁ရက်မှာ စီးပွားရေးတိုးတက်မှု ၆ဒသမ၅ ရာခိုင်နှုန်းပဲရှိ လိမ့်မယ်လို့ IMF ကခန့်မှန်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013