DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်များ လိမ်လည်မှု ဖြစ်ပွား
DVB
·
October 31, 2016
ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်များ လိမ်လည်မှု ဖြစ်ပွား
Donate to DVB

မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရတနာဈေးမှာ ကျောက်စိမ်း ကျပ်သိန်းပေါင်း ၅၀၀၀ ကျော် လိမ်လည်မှု ဖြစ်ပွားခဲ့ပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရတနာဈေးမှာ ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်ခဲ့ကြရာ ယုံကြည်မှုနဲ့ ပွဲစားတဦးကို စက်တင်ဘာ ၂၉ ရက်နေ့က တန်ဖိုးငွေ သိန်းပေါင်း ၅၀၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းအချောထည် ပေးခဲ့ပြီးနောက်မှာ လိမ်လည်မှု ဖြစ်ပွားခဲ့တာပါ။

ကျောက်စိမ်းအရောင်းအဝယ်လုပ်သူ ကိုနိုင်လင်းဦးက “ကျနော်က လက်စွပ် ၉ ကွင်း၊ ဆွဲကြိုး ၁ ကုံး ပါသွားတယ်။ ကာလတန်ဖိုးငွေအရ ကျနော်တယောက်တည်းကို ၁၀၀၉ သိန်း ပါသွားတယ်။ အဲဒါနဲ့ ကျနော် ၆ ရက်နေ့တုန်းက အမှတ်-၇ ရဲစခန်းကို သွားအမှုဖွင့်တယ်ဗျာ။ အမှုဖွင့်တော့ ရဲရဲ့ လုပ်ဆောင်ချက်က ထိထိရောက်ရောက် မရှိဘူးလို့ ကျနော်က ယူဆတယ်ဗျ။ ယူဆလို့ ဥပဒေအရ ထိထိရောက်ရောက်လေး လုပ်ဆောင်ပေးဖို့” လို့ ပြောပါတယ်။

သိန်းပေါင်း ၅၀၀၀ ကျော်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်ကို ပိုင်ရှင် ၅ ဦးဆီက ကျောက်ကုန်သည်ကို ပြပေးမယ်ဆိုပြီး ကိုအောင်ကျော်စိုး ဆိုသူက ယူဆောင်သွားရာ နောက်ရက် စုံစမ်းမေးမြန်းတဲ့အခါ လိမ်လည်သွားတာ သိတဲ့အတွက် အောက်တိုဘာ ၆ ရက်နေ့က အမှတ်-၇ ရဲစခန်းမှာ ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။

မဟာအောင်မြေ ကျောက်မျက်ရတနာဈေး နာယက ဦးသန်းဝင်းက “လိမ်လည်မှုတခု ဖြစ်ပွားတယ်ဆိုရင် မဟာအောင်မြေ ကျောက်မိုင်းထဲမှာရှိတဲ့ အကျိုးတော်ဆောင်၊ ကျနော်တို့လို ရပ်မိရပ်ဖ နာယက လူကြီးတွေရယ် ကျောက်သမားတွေရယ်က အကုန်လုံး ပူးပေါင်းဆောင်ရွက်ပြီးတော့ ရဲတပ်ဖွဲ့တွေရယ် တရားဥပဒေဘောင်အတွင်းကနေပြီးတော့ လိမ်လည်သွားတဲ့လူတွေကို အရေးယူသွားဖို့လိုတယ်။ အဲဒီလို အရေးယူတဲ့နေရာမှာ အလိမ်ခံရတဲ့ပိုင်ရှင်တွေ ပါမယ်။  ပွဲစားပါမယ်။ ပွဲစားကနေ နောက်တဆင့်ပွဲစား ပါမယ်။ အဲဒါတွေကို နောက်နောင် လိမ်လည်မှု ပပျောက်အောင်ရယ်၊ လျော့နည်းသွားအောင်ရယ် ဝိုင်းဝန်းပြီး ကြိုးစားလုပ်ဆောင်မှ ဒီလိုဥစ္စာတွေ နည်းသွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်း မဟာအောင်မြေ ကျောက်မျက်ရတနာဈေးမှာ လိမ်လည်မှုပေါင်း ၄ ကြိမ်လောက် ရှိခဲ့ပြီး ကျပ်သိန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးခဲ့ပါတယ်။

ကျောက်စိမ်းအရောင်းအဝယ်လုပ်သူ ကိုတင်ငွေက “တရားခံကိုလည်း မိထားတယ်။ နောက် ပေါင်ထားတဲ့ပစ္စည်းတွေကိုလည်း တရားခံအနေနဲ့ ဘယ်မှာပေါင်ထားပါတယ်ဆိုတာ သူကိုယ်၌ကလည်း လိုက်ပြထားတယ်ပေါ့နော်။ အဲဒါလေးတွေကို ကျနော်တို့အနေနဲ့ ရဲပိုင်းဆိုင်ရာမှာကျတော့ သူတို့လည်း အလုပ်ကတော့ လုပ်နေတာပဲ။ ဒါပေမယ့် ထိရောက်မှုကျတော့ အားနည်းတယ်ပေါ့။ အဲဒါလေးတွေကို ကျနော်တို့အနေနဲ့ ပြည်သူ့အနေနဲ့ပေါ့နော်၊ ကျနော်တို့ တဦးတယောက်တည်း မဟုတ်ဘူးပေါ့။ လူတိုင်း လူတိုင်းအတွက်ကိုပါ ဒီလိုမျိုးလေး လာတိုင်တယ်ဆိုရင် ထိထိမိမိလေး ဆောင်ရွက်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ရဲစခန်းဆောင်ရွက်ချက် အားနည်းတာကြောင့် လိမ်လည်ခံရသူ ကျောက်စိမ်းပိုင်ရှင်တွေ အောက်တိုဘာ ၂၅ ရက်နေ့က မန္တလေးမြို့ မီဒီယာစင်တာမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကျောက်မျက်ရတနာဈေးမှာ လိမ်လည်သူတွေ ပပျောက်သွားဖို့အတွက် ဓာတ်ပုံဗွီနိုင်း ချိတ်ဆွဲသွားမယ်လို့လည်း မန္တလေး ကျောက်မျက်ရတနာ ဈေးသူဈေးသားတွေက ဒီဗွီဘီကို ပြောပါတယ်။

သတင်း - အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013