
ထိုင်းတောင်ပိုင်း ချွန်းဖွန်းမြို့နယ်ထဲမှာ တရားမဝင် မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ကားတစီး စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းထွက်ပြေးစဉ် အရှိန်လွန်ပြီး လမ်းဘေးမှာ တိမ်းမှောက်သွားတယ်လို့ ဒီကနေ့ မတ် ၂၃ ရက် ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ချွန်းဖွန်းမြို့နယ် အဝေးပြေးလမ်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တာဝန်ထမ်းဆောင်စဉ် အဖြူရောင် ဟိုင်းလပ်စ်ကားတစီးက စစ်ဆေးရေးဂိတ်ကိုဖြတ်ပြီး အမြန်မောင်းထွက်သွားခဲ့တယ်၊ တာဝန်ရှိသူတွေက မသင်္ကာလို့ အနောက်ကနေ လိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါကားဟာ လမ်းပြောင်းပြန်ကို ကီလိုမီတာ ၂၀ ကျော်ထိ မောင်းနှင်စဉ် တနေရာမှာ အရှိန်လွန်ပြီး ထိန်းချုပ်လို့မရတော့ဘဲ တိမ်းမှောက်သွားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ယာဉ်မောင်းမှာ အသက် ၂၈ နှစ်အရွယ် ထိုင်းနိုင်ငံသားဖြစ်ပြီး အဆိုပါကားပေါ်မှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၂ ယောက် လိုက်ပါလာကာ ဒဏ်ရာကြီးကြီးမားမားရသူ မရှိဘူးလို့ ဆိုပါတယ်။
ယာဉ်မောင်းက သူတို့ကို ထိုင်းအလယ်ပိုင်း စမွတ်စခွန်းခရိုင်မှ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ကို သွားပို့ဖို့ ကားခ ဘတ် ၈,၀၀၀ နဲ့ တင်ဆောင်လာတာလို့ ပြောပါတယ်။
တာဝန်ရှိသူတွေက အဆိုပါယာဉ်မောင်းကို ယာဉ်စည်းကမ်းဖောက်ဖျက်မှု၊ တရားမဝင် အလုပ်သမားတွေ တင်ဆောင်လာမှုနဲ့ အရေးယူမှာဖြစ်ပြီး မြန်မာလုပ်သား ၁၂ ယောက်ကိုလည်း လဝက ဥပဒေနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: TNews/အဝေးပြေးလမ်း ထိုင်းရဲတပ်ဖွဲ့








