
ကရင်ပြည်နယ် သံတောင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆေးကုသမှုအစီအစဉ်တခုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ကို ကြိုတင်ခွင့်ပြုချက်ရယူပြီးမှလုပ်ဆောင်ဖို့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနက အသိပေးကြောင်းကြားလိုက်ပါတယ်။
ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က လက်မှတ်ရေးထိုးပြီး ကေအန်ယူဗဟိုနဲ့ ဘားအံမြို့အခြေစိုက် တပ်မဟာများဆက်ဆံရေးရုံးထံ လိပ်မူတဲ့စာ အောက်တိုဘာ ၂၇ ရက်စွဲနဲ့ ပေးပို့အကြောင်းကြားလိုက်တာပါ။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၅ ရက်နေ့က သံတောင်မြို့သစ်အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ပေလေဝေ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှာ ကေအန်ယူဗဟိုမှ ဒေါက်တာနေဆဲပါအဖွဲ့ ၁၀ ဦးက ဒေသခံပြည်သူတွေကို မျက်စိကုသပေးဖို့ ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားအပြီး ဒေသခံ မျက်စိဝေဒေနာရှင် ၇၃ ဦးကို စမ်းသပ်ကုသပေးခဲ့ပြီး ကုသမှုတွေကို ၃ ရက်ခန့် လုပ်ဆောင်ခဲ့ပါတယ်။
ခုလိုဆေးကုသပေးခဲ့တဲ့အစီအစဉ်နဲ့ပတ်သက်ပြီး ကေအန်ယူအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ကို ကြိုတင် အသိပေး ခွင့်ပြုချက်ရယူဖို့လိုတဲ့အကြောင်းနဲ့ နောက်နောင်အလား တူကိစ္စရပ်မျိုး ထပ်လုပ်ဖို့ရှိပါက သက်ဆိုင်ရာကိုကြိုတင်အသိပေးခွင့်ပြုချက်ရယူဖို့ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးရဲ့ စာမှာဖော်ပြထားပါတယ်။
သံတောင်မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်ကလည်း ဘယ်အဖွဲ့အစည်းမဆို အလားတူ ဆေးကုသမှုတွေကို အုပ်ချုပ်ရေးပိုင်းကို အသိပေးဖို့ လိုအပ်ပြီး အုပ်ချုပ်ရေးပိုင်းကလည်း ကူညီနိုင်တာရှိရင် ကူညီမယ်လို့ ပြောပါတယ်။
“ကျနော်တို့ကတော့ အုပ်ချုပ်ရေးပိုင်းအနေနဲ့ ဒီမှာအဖွဲ့အစည်းလုပ်တာကို ကျနော်တို့က တင်ပြတယ်။ ကြိုတင်ခွင့်ပြုချက်ဆိုတာ ကျနော်တို့ဆီမှာ တချို့ အန်ဂျီအိုဘဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်ပေါ့ လာလို့ရှိရင်တော့ အစိုးရအဖွဲ့ရုံးကို သတင်းပို့ရတာရှိ တယ်လေ။ ကျနော့်ကိုတော့ ပါးစပ်နဲ့ပဲ ဘယ်နေ့လာမယ်ဘာညာဆိုတာ အဲလောက်ပဲပြောတာ။ ဒါပေမယ့် တရားဝင် ဘယ်သူပါမယ်၊ ဘယ်သူနဲ့ ဘယ်လိုသွားမလဲဆိုတဲ့ အစီအစဉ်မရှိဘူး။ ဘယ်နေ့၊ ဘယ်လို ကုမယ်ဆိုတာ ကျနော်တို့က အတိအကျ မသိတဲ့ ဟာမျိုးပေါ့။ အဓိကကတော့ အခက်အခဲ ရှိတယ်ဆိုရင် ကျတော်တို့ ဘာလုပ်မပေးမလဲ ကူညီသင့်ရင်လည်းကူညီရမယ်။ ”
ကေအန်ယူ တပ်မဟာများ ဆက်ဆံရေးရုံးတာဝန်ခံ ဦးစောရှီးရှိုကတော့ ဆေးကုသမှုသွားခဲ့တဲ့ ဒေါက်တာနေဆဲဟာ ကေအန်ယူကမဟုတ်ကြောင်းနဲ့ သူတို့ရဲ့ အစီအစဉ်ကို ကေအန်ယူက လည်းမသိရှိဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့က ဘာပဲလုပ်လုပ် အသိပေးပြီးမှ လုပ်ပါတယ်။ အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ အန်စီအေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလုပ်မယ်ဆိုရင် ကြိုတင်အသိပေးပါတယ်။ အခုကျတော့ ကြိုတင်အသိမပေးတဲ့အတွက် အမှန်မှာဆိုရင် တဖက်နဲ့တဖက်အသိအမှတ်ပြုမှုရှိသင့်ပါတယ်။ ဒါပေမယ့် အခုလုပ်ငန်းစဉ်ကို ကျနော်တို့လည်းမသိရဘူး။ အစိုးရဘက်လည်း ကေအန်ယူလို့ ထင်ပုံရပါတယ်။ အမှန်မှာ ကေအန်ယူအဖွဲ့က မဟုတ်ဘူး။ ဒီအဖွဲ့က အစိုးရ မဟုတ်တဲ့ ကျန်းမာရေးအဖွဲ့က ဖြစ်ပုံရပါတယ်။”
ဒီကိစ္စနဲ့ပတ်သက်လို့ ကေအန်ယူကျန်းမာရေးဌာနက စစ်ဆေးပြီး အစိုးရကို အကြောင်းပြန်သွားမယ်လို့လည်း ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဟာ ၂၀၁၂ ခုကစပြီး အစိုးရနဲ့ အပစ်ခတ်လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အစိုးရက တရားမ၀င်အဖွဲ့အစည်းအဖြစ်က ပယ်ဖျက်ထားပါတယ်။











