
ရန်ကုန်၊ သင်္ဃကျွန်း၊ ဘ၀မြင့်မှတ်တိုင်အနီး တုတ်ကိုင်ရမ်းကားခဲ့ကြတဲ့ ခရီးသည်တင်ကားမောင်းတဲ့ ဒရိုင်ဘာနဲ့ စပယ်ယာ စုစုပေါင်း ၄ ဦးကို ဖမ်းမိပြီလို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
အဲဒီကားဒရိုင်ဘာနဲ့ စပယ်ယာတွေ တုတ်တွေနဲ့ ရမ်းကားနေပုံ ဓာတ်ပုံတွေ ဖေ့စ်ဘွတ်ခ်ပေါ်တက်လာကတည်းက လူမှုကွန်ရက်သုံးသူတွေကြား ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့တာပါ။
အောက်တိုဘာ ၂၇ ရက် မနက် ၉ နာရီလောက်မှာ သူတို့ အမှတ် ၁၈၇ ဘတ်စ်ကားနဲ့ ကိုဟိန်းမင်း ညီအစ်ကို နှစ်ဦးမောင်းလာတဲ့ တက္ကစီကားတို့ ဘ၀မြင့်ကားမှတ်တိုင်အနီးအရောက် ကားပိတ်တာကအစ စကားများခဲ့ကြပြီး ဘတ်စ်ကားဒရိုင်ဘာနဲ့ စပယ်ယာတွေက တက္ကစီမောင်းသူတွေကို ၀ိုင်းရိုက်ခဲ့ကြပါတယ်။
အရိုက်ခံရတဲ့ ညီအစ်ကိုနှစ်ဦးဟာ ပေါက်ပြဲ၊ ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့လို့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ကြပြီး ဖခင်ဖြစ်သူက သင်္ဃန်းကျွန်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။
ဝိုင်းရိုက်ခဲ့ကြတဲ့ ဘတ်စ်ကားဒရိုင်ဘာနဲ့ စပယ်ယာတို့ဟာ ပဲခူးတိုင်းဘက် ထွက်ပြေးခဲ့ကြပြီး တိုင်းတပ်ဖွဲ့နှစ်ခုပူးပေါင်းဖော်ထုတ်မှုကြောင့် ဒီနေ့မှာ ပြစ်မှုကျုးလွန်သူတွေဖြစ်တဲ့ ရန်ကျော်နိုင် (၂၃)နှစ်၊ ခေါလေး(ခ) မိုးမင်းဦး (၂၀)နှစ်၊ အောင်မျိုးထွေး (၂၀) နှစ်နှင့် ကောင်းမြတ်နိုင် (၁၉) နှစ်တို့ ၄ ဦးကို ပဲခူးတိုင်း၊ က၀မြို့နယ်အတွင်း ဖမ်းမိခဲ့ပါတယ်။
သူတို့ ၄ ဦး သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/၅၀၆/၁၁၄ နဲ့ အမှုဖွင့် အရေးယူထားသလို အများသူငှာသွားလာနေသောလမ်းပေါ် ဘေးအန္တရာယ်ဖြစ်စေတဲ့ လက်နက်တွေကိုင်ဆောင်ပြီး တရားဥပဒေစိုးမိုးရေးကို ထိပါးနှောင့်ယှက်တဲ့အတွက် ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က)နဲ့လည်း အရေးယူထားပါတယ်။












