DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဒီဇင်ဘာလ ညဈေးတန်းဖွင့်လှစ်နိုင်ရန် စီစဉ်နေ
DVB
·
October 28, 2016
ရန်ကုန်တွင် ဒီဇင်ဘာလ ညဈေးတန်းဖွင့်လှစ်နိုင်ရန် စီစဉ်နေ
Donate to DVB

ရန်ကုန်မြို့မှာ ညဈေးတန်းကို  ဒီနှစ်ကုန်ပိုင်း လာမယ့် ဒီဇင်ဘာလမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ အနောက်ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးရေးမှူးက ပြောပါတယ်။

ဒီညဈေးတန်းကို ကမ်းနားလမ်းတလျှောက်မှာရှိတဲ့ အောင်ရတနာလမ်းကနေ ပန်းဆိုးတန်းအထိ ဆိုင်တွေကို ထားရှိမှာဖြစ်ပြီး လသာ၊ လမ်းမတော်၊ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တွေက လမ်းမတွေမှာ ရောင်းချတဲ့ အစားအသောက်ဆိုင်တွေ၊ အသီးနဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေကို ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။

အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးငွေစိုးက “ဒီဇင်ဘာပတ်ဝန်းကျင်လောက်တော့ ဖြစ်မယ်လို့တော့ အကြမ်းဖျင်း လျာထားတာ ရှိပါတယ်။ နေရာအတည်တကျ မရှိတဲ့ အခြေအနေကနေ နေရာလေး အတည်တကျဖြစ်အောင် လုပ်ပေးတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင် ဒါကို စည်းကမ်း လိုက်နာဖို့ပဲ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

ညဈေးတန်း ဖွင့်လှစ်ဖို့ နေရာသတ်မှတ်ပေးထားပြီး ဈေးသည်တွေအနေနဲ့ လက်ရှိနေရာမှာ ဆက်လက်ရောင်းချမယ်ဆိုရင် စည်ပင်သာယာဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဈေးရောင်းချသူတွေနဲ့ ညဈေးတန်းကို ပြောင်းရွှေ့မယ့်နေရာကို ဈေးဝယ်သူတွေက လိုက်မဝယ်မှာကို စိုးရိမ်နေကြပါတယ်။

“အန်တီတို့အနေနဲ့က ဟိုဘက်ရောက်သွားလို့ မရောင်းရဘူးဆိုရင် အန်တီတို့က သူများငွေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ ပိုပြီးဒုက္ခတွေ့သထက် တွေ့သွားနိုင်တယ်။ ကိုယ့်ကိုယ်ပိုင်ငွေ မရှိတဲ့အတွက်ကြောင့် မပြောင်းချင်ဘူး၊ မှန်သောစကားပဲ။ အဲဒီကို ပြောင်းလည်းပဲ ဈေးသည်တွေ အကုန်လုံးဒုက္ခရောက်ကုန်မယ်” လို့ သစ်သီးရောင်းချသူ ဒေါ်ဌေးဌေးက ပြောပါတယ်။

ဈေးပြောင်းရွှေ့ပြီး ရောင်းမယ်ဆိုရင် အခက်အခဲတွေ ရှိနိုင်တာကြောင့် စည်းကမ်းတကျ သတ်မှတ်ပေးပြီး လက်ရှိ ရောင်းချတဲ့ နေရာမှာပဲ ဈေးဆက်ရောင်းဖို့ ဈေးသည်တချို့က ဆန္ဒရှိနေပါတယ်။

“အခက်အခဲ အများကြီး ရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ရောင်းလာတာ ကြာခဲ့ပြီလေ။ နောက်တချက်က ဗြုန်းဒိုင်း စပြောင်းရတော့ မိတ်တွေကလည်း ရမှာ မဟုတ်ဘူး။ မိတ်မရတဲ့အတွက်ကြောင့် စီးပွားတွေက အရမ်းကျပ်တည်းသွားနိုင်တယ်။ ဒီနေရာကို စည်းကမ်းတကျနဲ့ လုပ်ပေးစေချင်တယ်။ ဒီပုံစံအတိုင်း ဒီအတိုင်းပဲ ပေးရောင်းပါလို့ အကြံပြုစေချင်တယ်” လို့ ဝက်ခေါက်ကင်ရောင်းသူ ဦးစိန်ဝင်းက ပြောပါတယ်။

ရောင်းချမယ့်ဈေးသည်တွေကို စမတ်ကတ်ပြားတွေ ထုတ်ပေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့နေရာတွေမှာ ရောင်းချရမှာပါ။

ညဈေးတန်းကို အောက်တိုဘာလလောက်ကတည်းက သန့်စင်ခန်းတွေ၊ ရေပိုက်တပ်ဆင်တာတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ စာရင်းကောက်ခံထားတဲ့ ဆိုင်ခန်းပေါင်း ၅ ထောင်ကျော် ရှိနေပြီး ရောင်းချတဲ့ဆိုင်တွေအနေနဲ့ ဆိုင်ခန်းစရိတ်၊ လျှပ်စစ်မီး သုံးစွဲစရိတ်၊ ရေဖိုးရေခနဲ့ သန့်ရှင်းရေးခွန်တို့ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီကနေ ည ၁၂ နာရီအထိ ရောင်းချခွင့်ရမှာ ဖြစ်ပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013