DVB Logo
Home
မြန်မာသတင်း
မောင်တောအကြမ်းဖက်မှု မီဒီယာများ ဘက်မလိုက်ရန် စုံစမ်းရေးကော်မရှင်သတိပေး
DVB
·
October 27, 2016
မောင်တောအကြမ်းဖက်မှု မီဒီယာများ ဘက်မလိုက်ရန် စုံစမ်းရေးကော်မရှင်သတိပေး
Donate to DVB

မောင်တောအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဘက်မလိုက်ဘဲ သေချာစွာစုံစမ်းပြီး အချက်အလက်နဲ့ သတင်းတွေဖော်ပြဖို့ လေ့လာစုံစမ်းရေးကော်မရှင် အဖွဲ့ခေါင်းဆောင်က သတိပေးလိုက်ပါတယ်။

မောင်တောမြို့နယ်ထဲက သံယယရှိတဲ့ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းတာ၊ အကြမ်းဖက်သမားတွေ ရှာဖွေနေတာတွေကို  တပ်မတော်က စစ်ဆင်ရေးလုပ်တဲ့နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိနေတယ်လို့ နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတချို့မှာ ဖော်ပြတာတွေနဲ့ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းတဲ့ မောင်တောအကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောဆိုလိုက်တာပါ။

“တချို့ရွာတွေ မီးရှို့ခံရတာတွေ ရှိတယ်။ အဲဒါတွေ စစ်တပ်က မီးရှို့သလား၊ ရဲက မီးရှို့သလား၊ ကျနော်တို့ ပြန်သုံးသပ်တယ်။ မဟုတ်ဘူးဗျ သူတို့က ကိုယ့်ရွာကိုယ် မီးရှို့ပြီး ထွက်ပြေးသွားတာရှိတယ်။ အဲဒါကို ထင်ယောင်ထင်မှား စစ်တပ်ကလိုလို၊ ရဲကလိုလို လုပ်တာတွေ ရှိတယ်။ အဲ့ဒါကို မီဒီယာသမားတွေက သေသေချာချာ လေ့လာဖို့ လိုတယ်။ တခုခုဖြစ်ရင် စစ်တပ်ကို မကောင်း ပြောမယ်၊ ရဲကို မကောင်းပြောမယ်၊ အဲဒီလိုမျိုး မလုပ်ရဘူး။ ဘက်မလိုက်ရဘူး” လို့ ပြောပါတယ်။

အောက်တိုဘာလ ၂၅ နဲ့ ၂၆ ရက်တွေမှာ မောင်တောမြို့နယ်ထဲက ကျေးရွာတွေမှာ လေ့လာစုံစမ်းမှုတွေလုပ်ခဲ့ပြီး တချို့ကျေးရွာတွေမှာ လူတွေမရှိဘဲ တံခါးပိတ်ထားတာ တွေ့ခဲ့ရသလို၊ အခုလို တိမ်းရှောင်နေတဲ့ ရွာတွေဟာလည်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိတဲ့ရွာတွေ ဖြစ်နေတယ်လို့ အဖွဲ့ခေါင်းဆောင် ဦးအောင်ဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲချက်တွေရရှိထားတဲ့အကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီက မကြာသေးခင်ရက်ပိုင်းက ထုတ်ပြန်ထားတာပါ။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မောင်တော အကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မရှင် ခေါင်းဆောင် ဦးအောင်ဝင်းက  “အခုဖြစ်တာ အိမ်တအိမ်ကို ဓားပြတိုက်တာ မဟုတ်ဘူး။ နိုင်ငံတော်ပုန်ကန်မှု ဖြစ်နေတယ်။ အချုပ်အခြာ အာဏာထိပါးတဲ့အမှု ဖြစ်နေတယ်။ သူတို့ စစ်တပ်မှာ ဒီသေနတ်တွေ ရဖို့အတွက်၊ အကြမ်းဖက်လူတွေကို ဖမ်းမိဖို့အတွက် သူတို့စည်း သူတို့ဘောင်ထဲက လုပ်သင့်တာကို လုပ်ရမယ်။ မဟုတ်ရင် ဒီလူတွေကို ဘယ်သူ အာမခံမလဲ။ ကုလသမဂ္ဂကနေ အာမခံမလား၊ NGO အဖွဲ့တွေက အာမခံမလား။ အဲဒီနိုင်ငံတကာ အဖွဲ့အစည်းတွေက ပိုပြီးသတိထားရမယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရတဲ့ မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက အောက်တိုဘာ ၉ ရက်နေ့ကစပြီး မောင်တော မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းတာနဲ့ တရားခံ ရှာဖွေဖမ်းဆီးတာတွေ လုပ်နေတာပါ။

ကျီးကန်းပြင်ရဲဌာနချုပ်အနီးက ကျီးကန်းပြင်၊ ဝါဘိတ်နဲ့ စတဲ့ရွာတွေနဲ့ ငခူရနယ်မြေစခန်းအနီးက ရွာတွေမှာ လက်နက်တွေ ရှာဖွေတွေ့ရှိသလို ရှာဖွေစစ်ဆေးစဉ် ခုခံသူတွေကိုလည်း ဖမ်းဆီးပြီး ဥပဒေနဲ့အညီ စစ်ဆေးနေတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။

သတင်း - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013