DVB Logo
Home
Lead Story
Rich and Poor Nations ဆင်းရဲ ချမ်းသာ ဘာကြောင့်ပါလဲ
DVB
·
October 27, 2016
Rich and Poor Nations ဆင်းရဲ ချမ်းသာ ဘာကြောင့်ပါလဲ
Donate to DVB

 

ဆရာ… နိုင်ငံ ဘာကြောင့် ဆင်းရဲသလဲ ရေးပေးပါဦး။ ဆရာ့အတွေးအခေါ် အယူအဆတွေကို အမြဲအားပေးနေပါတယ်။

မေးခွန်းက အတော်ဆီလျော်တယ်။ ဘာကြောင့် ဆင်းရဲကြသလဲ မမေးဘူး။ မေးနေစရာ မလိုတဲ့ တိုင်းပြည်မှာ နေရသူနဲ့ တူတယ်။

၂ဝဝ၈ တုန်းက ကမ္ဘာမှာ စီးပွားရေးအကျပ်ရိုက်ခဲ့တယ်။ ၅-၁၁-၂ဝ၁၄ နေ့မှာ Credit Suisse ကနေ Global Wealth Inequality ကမ္ဘာ့ချမ်းသာကြွယ်ဝမှု မညီမျှခြင်းစစ်တမ်းတခု ထုတ်ထားတယ်။ စစ်တမ်းမှာ တိုင်းပြည်တွေကို အတန်းအစား ၄ မျိုး ခွဲထားတယ်။

အနီရောင် = ဒေါ်လာ တသိန်းအထက်၊ လိမ္မော်ရောင် = ဒေါ်လာ ၂၅ဝဝဝ ကနေ ၁ဝဝဝဝ အထိ၊ အဝါရောင် = ဒေါ်လာ ၅ဝဝဝ ကနေ ၂၅ဝဝဝ အထိနဲ့ ကျနော်တို့ရဲ့ အပြာနုရောင် = ဒေါ်လာ ၅ဝဝဝ အောက်။

ဆွစ်ဇာလန် = $581,000၊ သြစတေးလျ = $431,000၊ နော်ဝေ = $359,000၊ ယူအက်စ်အေ = $348,000၊ ဆွီဒင် = $333,000၊ ပြင်သစ် = $317,000၊ ယူကေ = $293,000။

တိုင်းပြည်တွေ ဘာကြောင့် ချမ်းသာနေကြသလဲကို ၂၁-၅-၂ဝ၁၅ နေ့ထုတ် Fobes  မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးကို ကိုးကားပါမယ်။ အခုထိ နာမည်ကျော်တဲ့ စီးပွားရေးပညာရှင် (အဒမ် စမစ်) က An Inquiry into the Nature and Causes of the Wealth of Nations စာအုပ်ကို ရေးခဲ့ပါတယ်။ သူ ပြောခဲ့တာ နှစ်ပေါင်း ၂၄ဝ ရှိလည်း မှန်နေတုန်းပါ။

အခြေခံအကျဆုံး သုံးချက်က Capital အရင်း၊ Labor လုပ်အားနဲ့ Efficiency ထိရောက်စွမ်းရည်။ အရင်းထဲမှာ စက်ယန္တရားတွေ၊ အဆောက်အအုံတွေနဲ့ မြေ စတာတွေ ပါဝင်တယ်။ Labor လုပ်အားဆိုတာ တိုင်းပြည်ထဲက ထုတ်လုပ်နိုင်စွမ်းရှိတဲ့ လူသားရင်းမြစ် ဖြစ်ပါတယ်။ အဲဒီနိုင်ငံဟာ အရင်းကို ဘယ်လောက်အထိ လုပ်အားအဖြစ် ထိရောက်အောင် ပြောင်းပေးနိုင်စွမ်း ရှိသလဲ။

GDP per person တဦးချင်း ထုတ်လုပ်နိုင်စွမ်းဆိုတာ အဲလို ပြောင်းပေးတာရဲ့ ထိရောက်နိုင်စွမ်းအပေါ်မှာ မူတည်တယ်။ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ ရင်းမြစ်တွေကို နေရာလွဲထားကြလို့ ဖြစ်တယ်။ မြန်မာနိုင်ငံသား သန်းပေါင်း ဘယ်လောက် သူများနိုင်ငံတွေမှာ ရောက်နေကြပါသလဲ။ ပြည်တော်ပြန် အလားအလာကရော့ ။

ဆင်းရဲတဲ့တိုင်းပြည်တွေမှာ အစိုးရကနေ လုပ်အားကို လက်ဝါးကြီးအုပ်ထားတယ်။ ငွေကြေးကို ထိန်းချုပ်ထားတယ်။ မြေအသုံးချမှုကို သူတို့လက်ထဲမှာ ထားတယ်။ အဲဒီလို အဆီအငေါ်မတည့် လုပ်ထားပြီးသားကို ပြင်ရတာ မျိုးဆက်နဲ့ အချိန်ယူရတယ်။ အာဏာရှင်တွေ ဘယ်လောက်ဆိုးသလဲ ဆိုတာကို နိုင်ငံရေးအကျဉ်းသားနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာ ထောက်ပြနေခဲ့ကြရတယ်။ ခုတော့ ကြာလေ ကြာလေ ဆိုးတာတွေ ပေါ်ပေါ်လာနေတယ်။ အဆိုးတွေ အများကြီး အများကြီးရှိသေးတယ်။ ရင်နာတယ်။ အသည်းနာတယ်။ ဦးနှောက်နာတယ်။

(အရင်း အချိုး ထုတ်လုပ်မှု) ဟာ (၁) ဝန်းကျင်မှာ ရှိတာက ယူအက်စ်အေရော ဆင်းရဲတဲ့တိုင်းတွေမှာရော မကွာလှပါ။ တကျပ် ပိုသုံးရင် တကျပ်နဲ့ညီတာ ထွက်စေမယ်။

လုပ်အားမှာတော့ ပညာတတ်ခြင်းနဲ့ ကျွမ်းကျင်မှုတွေက သိသိသာသာကွာပြီ။ ပွင့်ပွင့်လင်းလင်း အားမနာတမ်း ပြောရရင် ဆင်းရဲနေတဲ့ တိုင်းပြည်တွေမှာ အတန်းပညာ ၄-၅ တန်းသာ ရှိပြီး ချမ်းသာတဲ့နိုင်ငံတွေမှာ ၁၃ တန်းထိ ရှိနေတယ်။ အတန်းပညာအပြင် ပညာအရည်အသွေးကိုလည်း ထည့်တွက်ရပါမယ်။ ဒါလည်းပဲ ပညာရေးရဲ့သက်ရောက်မှုက အသင့်အတင့်သာ ရှိတယ်။ အမေရိကမှာ အလုပ်သမား တဦးချင်း GDP per worker ဟာ မက်ဆီကို ထက် ၃ ဆမြင့်တယ်။ အဲဒီလို ကွာခြားမှုရဲ့ ၄ဝ% ဟာ ပညာရေးကြောင့် ဖြစ်တယ်။

ကွာခြားမှုရဲ့ ၆ဝ% ဟာ ထိရောက်မှုကြောင့် ဖြစ်တယ်။ အင်စတီကျူးရှင်းတွေ မတူကြလို့ ဖြစ်ရတယ်။ မြန်မာနိုင်ငံမှာ အင်စတီကျူးရှင်း ဝေါဟာရ ပြန်ပေါ်ခါစ ရှိသေးတယ်။ ပါလီမန် ဒီမိုကရေစီခေတ်က ရှိခဲ့ပါတယ်။ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းခံရပြီးနောက်မှာတော့ အင်စတီကျူးရှင်းသစ်တွေကို အာဏာပိုင်သူက တည်ဆောက်တယ်။ အကျိုးရလဒ်ကတော့ ၁၉၈၇ မှာ LDC ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်သွားတယ်။

ကနေ့ တကမ္ဘာလုံးလိုလိုမှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေကြတယ်။ ငွေရင်းက အဓိကကျတယ်။ များလေလေ အမြတ်ပိုရလေလေ။ ကနေ့ ချမ်းသာနေတဲ့ တိုင်းပြည်တွေဟာ အရင်ကတည်းက ချမ်းသာနေကြတယ်။ အရင်းတွေ ဘယ်ကနေ ဘယ်တုန်းကတည်းက ရထားကြတာလဲတော့ နောက်မှာသာ ရေးပါမယ်။

ရှိတဲ့တိုင်းပြည်တွေမှာ ရှိတဲ့အရင်းကနေ အလိုလို တိုးပွားနေတယ်။ ဘဏ်မှာ ငွေအပ်ထားရင် အတိုးတက်နေသလို။ လက်တွေ့မှာ စုဘူးထဲထားသလို အသေမထားကြဘူး။ တိုးပွားအောင် လုပ်နေတယ်။ အဲဒီတော့ အရင်းက တကယ့်အရှိထက် ပိုများလာစေတော့တယ်။ အသေးစိတ်တွေ အများကြီး ရှိပါသေးတယ်။ ရေးနေရင် ပျင်းစရာကောင်းသွားမယ်။

စိတ်ကူးတဆုံးအထိကြည့်၊ ကွန်မြူနစ်စီးပွားရေးသီအိုရီလို ဖြစ်လာမှာ မဟုတ်ပါ။ မျက်စိတဆုံးကြည့် ဒီစီးပွားရေးစနစ်ကြီးကို ဘယ်နည်းနဲ့မှ အပျက်ခံကြမှာ မဟုတ်ပါ။ ယှဉ်ပြိုင်တာ လယ်ဗယ်တူပြီလို့ပြောတဲ့ ကမ္ဘာကြီးလည်း မပြားပါ။ ချမ်းသာသူနေသူတွေက ပိုချမ်းသာအောင်သာ လုံးပန်းနေနိုင်ကြလို့ ဆင်းရဲတဲ့သူတွေပဲ ဆက်ပြားနေပါတယ်။

သူရဲကောင်းလုပ်ပြီး ဆိုရှယ်လစ် အော်လည်း ခဏသာခံမယ်။ မချမ်းသာသေးတဲ့ တိုင်းပြည်တွေကလည်း အဲဒီချမ်းသာနည်းဖော်မြူလာအတိုင်း လိုက်ကြပါမယ်။

ဆိုရှယ်ဒီမိုကရက်လို့ လုပ်တာက ဆင်းရဲသူတွေ နည်းနည်းခံသာတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒီလိုလုပ်ပါလို့ ပြောတာတော့ မဟုတ်ပါ။ အဲက ချမ်းသာပြီးမှ လုပ်ကြတာ။

အမြင်မှန်ရလို့ ပြည်တွင်း ပြန်ဝင်လာကြပြီ လုပ်နည်းနဲ့ မောင်မောင်ခေါ်လို့ ဗျာမထူး ဆိုတာတွေကတော့ ၁၉၈၈ ဖော်မြူလာဖြစ်ပါတယ်။ ဦးသိန်းစိန်ကလည်း ခေါ်ခဲ့တယ်။ ဒေါ်စု ကလည်း ဖိတ်ထားတယ်။ ခုထိတော့...

ကျွန်တော်တို့ အင်စတီကျူးရှင်းကောင်းတွေ ထူထောင်ရမယ်။ လူတွေကို အရည်အသွေး မြှင့်တင်ပေးကြရမယ်။ လူတွေကို လူနဲ့ တူတန်အောင် အသုံးချရပါမယ်။

ကျနော်က စီးပွားရေးပညာရှင် မဟုတ်ပါ။ ဘာမဆို ဆရာဝန်လို တွေးပြီး နိုင်ငံရေးလိုသာ ကြည့်တတ်တယ်။ မပြည့်စုံပါ။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013