
မက္ကဆီကိုနိုင်ငံ လမ်းမတခုပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် တွင်း နက်ကြီးထဲကို ကုန်တင်ကားတစီး ထိုးကျသွားခဲ့တယ်လို့ မေရာသတင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ဖော်ပြပါတယ်။
စီစီတီဗွီကင်မရာထဲမှာတော့ တန်ချိန် ၃၀ ရှိတဲ့ အဲဒီကားကြီးဟာ လူသူရှုပ်ထွေးတဲ့ လမ်းမ ကြီးပေါ် မောင်းနှင်လာချိန်မှာ အနက် ၁၀ ပေရှိ တွင်းနက်ကြီးထဲကို တစီးလုံး ထိုးကျသွားခဲ့တာကို တွေ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ မက္ကဆီကိုနိုင်ငံ၊ မဒီရိုမြို့လမ်းဆုံ ဖြတ်လမ်းတခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီနားမှာ ရေဆိုးကန်တခု ပေါက်ကွဲမှုဖြစ်အပြီးမှာ ခုလို တွင်းနက်ကြီး ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကုန်တင်ကားမောင်းသူ အသက် ၅၄ နှစ်အရွယ် လူးဝစ်မာတာ မာတီ နက်ဇ်ဟာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့လို့ ဆေးရုံကို ပို့ဆောင်ထားခဲ့ရပါတယ်။
ရဲတွေနဲ့ လမ်းတာဝန်ကျ လုံခြုံရေးတာဝန်ရှိသူတွေဟာ အခင်းဖြစ်တဲ့ နေရာတဝိုက်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြ တာပါ။
မဒီရိုမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့တဲ့အတွက် မြေ ပြိုတာတွေနဲ့ တခြားပြဿနာတွေ ကြုံတွေ့နေခဲ့ရတာပါ။
မြို့နယ်ခန်းမ ပြောရေးဆိုခွင့်ရ ကိုယ်စားလှယ် ဒန်နီယယ် ဗားဂက်စ်မာလာဂွန်က “အောက်ခြေမြေထုဟာ သဲဆန်တဲ့အတွက် အောက်ခြေမှာ လိုဏ်တွေ အလွယ်တကူဖြစ်စေတာ ပါ”လို့ ဒေသတွင်း သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။










