DVB Logo
Home
မြန်မာသတင်း
စီးပွားရေးလုပ်ရလွယ်ကူသည့် နိုင်ငံစာရင်းတွင် မြန်မာက အဆင့် ၁ ဆင့်တိုးတက်လာ
DVB
·
October 26, 2016
စီးပွားရေးလုပ်ရလွယ်ကူသည့် နိုင်ငံစာရင်းတွင် မြန်မာက အဆင့် ၁ ဆင့်တိုးတက်လာ
Donate to DVB

မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ရ လွယ်ကူတဲ့ နိုင်ငံ ၁၉၀ မှာ ပြီးခဲ့တဲ့နှစ်က အဆင့် ၁၇၁ ရှိခဲ့ရာကနေ ယခုနှစ်မှာတော့ အဆင့် ၁၇၀ ကို တက်လာခဲ့တယ်လို့  ကမ္ဘာ့ ဘဏ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့က  ကမ္ဘာ့ဘဏ်ကပြုလုပ်တဲ့ ၂၀၁၇ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်းအားလုံးအတွက် တန်းတူအခွင့်အလမ်း သတင်းထုတ်ပြန်ပွဲမှာ  ဒီအစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း စီးပွားရေးလုပ်ငန်းမှတ်ပုံတင်ခြင်းနဲ့ ကြွေးမြီဆိုင်ရာ အချက်အလက်ဗဟိုဌာန တည်ထောင်ခွင့်ပြုတဲ့ဥပဒေ ပြဋ္ဌာန်းနိုင်တာတွေ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်း ကြီးကြပ်ကွပ်ကဲမှုကို တိုးတက်စေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ နှစ်စဉ် Doing Business အစီရင်ခံစာက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ရှေ့တန်းကို ရောက်ဖို့ အကွာအဝေး အမှတ် ၄၄ ဒသမ ၀၁ ကနေ ၄၄ ဒသမ ၅၆ ထိ တိုးတက်ခဲ့ပြီး ထိပ်တန်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကောင်းမွန်တဲ့ အလေ့အထတွေ အပိုင်းမှာ ကွာဟချက်ရှိနေတာကို လျှော့ချနိုင်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဟာ ကုမ္ပဏီမှတ်ပုံတင်စရိတ် လျှော့ချခြင်းဖြင့် စီးပွားရေးလုပ်ငန်းတခု စတင်ရာမှာ ပိုမိုလွယ်ကူလာခဲ့ပြီး ကုမ္ပဏီတခုကို တရားဝင်မှတ်ပုံတင်ရာမှာလည်း လိုအပ်တဲ့ ထောက်ခံစာနဲ့ ပြစ်မှုမှတ်တမ်း ကင်းရှင်းကြောင်း သက်သေခံလက်မှတ် တင်ပြရတဲ့ သတ်မှတ်ချက်တို့ကို ဖယ်ရှားလိုက်ခြင်းဖြင့် လုပ်ငန်းစဉ်ကို ပိုမိုရိုးရှင်းအောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကြွေးမြီဆိုင်ရာ အချက်အလက်ဗဟိုဌာနတခု တည်ထောင်ခွင့်ပြုတဲ့ ဥပဒေတခု ပြဋ္ဌာန်းခြင်းဖြင့်လည်း ကြွေးမြီဆိုင်ရာ သတင်းအချက်အလက်စနစ်ကို တိုးတက်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမယ့် ရန်ကုန်ဆိပ်ကမ်း ကျပ်တည်းခြင်းကြောင့် ကုန်ကျစရိတ် ပိုမိုပြီး၊ အချိန်နှောင့်နှေးမှုတွေ ကြုံတွေ့နေရလို့ နိုင်ငံခြားကုန်သွယ်ရေးမှာ ကုန်သည်တွေအတွက် ပိုမိုခက်ခဲနေရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းက တခြား စွမ်းဆောင်ရည်မြင့်မားတဲ့ နိုင်ငံတွေလို အားလုံး ပါဝင်တဲ့ တိုးတက်မှုလမ်းကြောင်းကို လိုက်နိုင်မယ့် အနေအထားရှိသလို ဒေသအနှံ့အပြားက ပြည်သူတွေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ဝင်ငွေအမျိုးမျိုးရှိတဲ့ လူအုပ်စုအားလုံးကို အကျိုးဖြစ်ထွန်းစေမယ့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မယ့် အခွင့်အလမ်း အမှန်တကယ် ရှိတယ်လို့လည်း ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်း အဆင့်သတ်မှတ်ရာမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက ၄ နိုင်ငံဟာ ကမ္ဘာ့အဆင့် ၁၀ နိုင်ငံစာရင်းမှာ ပါဝင်ပြီး စီးပွားရေး လုပ်ရ အလွယ်ကူဆုံး ထိပ်တန်း ၄ နိုင်ငံမှာ နယူးဇီလန်၊ စင်ကာပူ၊ ဟောင်ကောင်၊ တရုတ်နဲ့ တောင်ကိုရီးယားတို့ ဖြစ်ပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံတွေထဲမှာတော့ မြန်မာနဲ့ အရှေ့တီမောနိုင်ငံတွေဟာ စီးပွားရေးလုပ်ဖို့ အခက်ခဲဆုံးနိုင်ငံစာရင်းမှာ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013