DVB Logo
Home
Lead Story
အငြိမ့်သာ ပြောလို့ လူရွှင်တော်က ၁၀ ယောက်လောက်၊ အဲဒါက အငြိမ့်မဟုတ်ဘူး - လူမော်
DVB
·
October 26, 2016
အငြိမ့်သာ ပြောလို့ လူရွှင်တော်က ၁၀ ယောက်လောက်၊ အဲဒါက အငြိမ့်မဟုတ်ဘူး - လူမော်
Donate to DVB

မန္တလေးမြို့မှာ အရင် ၁၉၆၅-၇၀ ခုနှစ်တွေတုန်းက မြန်မာ့အငြိမ့်သဘင် ၄၀ ကျော် ရှိခဲ့ပြီး အခုအချိန်မှာတော့ အငြိမ့် ၃ ခုသာ ရှိပါတော့တယ်။ အခုလို မြန်မာ့သဘင်ယာဉ်ကျေးမှု လျော့နည်းသွာတာနဲ့ ပတ်သက်လို့ လူရွှင်တော် ဦးလူမော်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ကျနော် အခု မေးမြန်းမှာကတော့ လက်ရှိ မန္တလေးမှာ အငြိမ့်သဘင်တွေ လျော့နည်းသွားတာနဲ့ ပတ်သက်ပြီး ဘာကြောင့် လျော့နည်းသွားတာလဲ ဆိုတာ ရှင်းပြပေးပါ ခင်ဗျာ။

ဖြေ - “အဲဒါ ဘက်စုံပဲဗျာ။ လူတွေရဲ့ စီးပွားရေးလည်း ပါတယ်။ စီးပွားရေးကြပ်တည်းတာလည်း ပါတယ်။ နောက်ပြီးတော့ ဦးနေဝင်းရဲ့ စနစ်လည်း ပါတယ်။ နှစ်မျိုးပေါ့။ အခုဆိုရင် အငြိမ့် ၃ ငြိမ့်ပဲ ရှိတော့တယ်။ အရင် ၁၉၆၅-၁၉၇၀ က မန္တလေးမှာ အငြိမ့် ၃၀ ကျော် ရှိတယ်။ တအား ကရတာ။ အဲဒီတုန်းက ပွဲမိန့်လည်း လွယ်တယ်ဗျ။ အခုက ပွဲမိန့်လည်း ခက်တယ်။ ငှားတဲ့သူကလည်း ခက်တယ်။ အမျိုးမျိုးပေါ့။ နည်းသွားတာ ဘက်စုံပေါ့။”

မေး - မြန်မာ့ယဉ်ကျေးမှု အငြိမ့်သဘင်တွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတော်ကနေ ဘာတွေ ပံ့ပိုးပေးဖို့ လိုအပ်လဲ။

ဖြေ - “လိုအပ်တာပေါ့ဗျာ။ ပွဲမိန့်ကို အလွယ်တကူ ပေးရမယ်။ အခုက ပွဲမိန့်ကို သူက ဆုပ်ထားတာဗျ။ အဲဒါက အခု အစိုးရသစ်။ ဒါပေမယ့် အောက်ခြေမှာက မပြောင်းလဲဘူး။ ကဲ- ပွဲမိန့်ခံမယ်ဗျာ။ ခင်ဗျားက အလှူပေးမယ်။ ဘုရားပွဲ ကျောင်းပွဲ လုပ်မယ်။ ခင်ဗျားမှာ လမ်းပေါ်မှာ ကဖို့အတွက် စည်ပင်ရဲ့ ထောက်ခံချက် လိုတယ်။ ရပ်ကွက်ရဲ့ ခွင့်ပြုချက် လိုတယ်။ အဲဒါ သူတို့က ကိုင်ထားတာ။ အခုအချိန်ထိ မပြောင်းလဲဘူး။ အဲဒါ လွယ်လွယ်ကူကူ ပေးဖို့ လိုတယ်။ နောက် ပွဲမိန့် သွားလျှောက်တယ်ဗျာ။ အလှူပေးမယ်။ ဆိုင်းငှားမယ်၊ အငြိမ့်ငှားမယ်၊ ဇာတ်ငှားမယ်။ လူဦးရေစာရင်း ထည့်ပေးရတာ။ လူရွှင်တော် ဘယ်သူ၊ မင်းသမီးက ဘယ်သူ၊ မှတ်ပုံတင်။ ဒါ ကျုပ် နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ သူပုန်အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ၁၉၆၅ မှာ ဒါတွေ မရှိဘူး။ အခုက အမျိုးမျိုး၊ ဟိုက ကိုင်လိုက်၊ ဒီက ကိုင်လိုက်။ အဲဒါဆို မပြောင်းလဲဘူး။ အောက်ခြေက ပြောင်းဖို့ လိုတယ်။ အစိုးရကလည်း ပြောင်းဖို့လိုတယ်။ အခုကတော့ အစိုးရသစ် ဖြစ်ပါပြီ။ ဒါပေမယ့် အောက်ခြေက ပြောင်းဖို့ လိုသေးတယ်။”

မေး - အငြိမ့်ခေတ်ဦးနဲ့ ယနေ့ မျက်မှောက်ခေတ် အငြိမ့်နဲ့ပတ်သက်လို့ ဘာတွေ ကွာခြားမှု ရှိလဲ။

ဖြေ - “ကျနော်တို့ခေတ်တုန်းက လူရွှင်တော် ၃ ယောက်ဗျာ။ နောက် ပတ္တလား ပါတယ်ဗျာ။ နောက်တခါ အော်ပရာ ပါတယ်ဗျာ။ အော်ပရာပြီးတော့ အငြိမ့်ခန်းပေါ့။ အဲဒါပြီးတော့ ပြဇာတ်အတိုအထွာလေး ပါတယ်။ မန္တလေးမြို့၊ မုံရွာမြို့၊ မြင်းခြံမြို့။ မြို့ပေါ် ကရင် ၁ နာရီခွဲ၊ ၂ နာရီ ပွဲသိမ်း။ တောမှာကရင် မိုးအလင်း နောက်ပိုင်းက။ ဒါ အငြိမ့်။ အခုဟာက အငြိမ့်က တိုးတက်တယ် ပြောမလား၊ ဆုတ်ယုတ်တယ် ပြောမလား။ အငြိမ့်နဲ့ မတူတော့ဘူးဗျ။ ကိရိယာတွေလည်းများ။ ကားလိပ်တွေလည်းများ။ ဆောင်းဘောက်တွေကလည်းများ။ သူက တဖက်တည်းကနေ ကြည့်လို့ရတယ်။ ၁၉၆၀၊ ၁၉၆၅ တုန်းက လေးဖက် လေးမျက်နှာ ကြည့်လို့ရတယ်။ ရှေ့က ကြည့်လို့ရတယ်။ ဘေးက ကြည့်လို့ရတယ် အငြိမ့်က။ အနောက်က ကြည့်လို့ရတယ်။ အလယ်မှာ ပတ္တလား။ အနောက်က နောက်ဆုံးဆိုင်းဘုတ်။ နောက်ဆုံးဆိုင်းဘုတ် ဆိုတာက လူရွှင်တော် ၃ ယောက် နာမည်၊ မင်းသမီး နာမည်၊ အငြိမ့်ခုံပေါ်မှာ နောက်ကျောက နောက်ဆုံးဆိုင်းဘုတ် ပါတယ်။ အငြိမ့်ခန်း ကပြီဆိုတော့ နောက်ဆုံး ဆိုင်းဘုတ် အကုန်ဆွဲလှန်ပစ်လိုက်တာ။ ဘယ်ကကြည့်ကြည့် ပတ်ချာလည်။ အဲဒါ အငြိမ့်။ အခု အဲဒါ မရှိတော့ဘူး။ ပျောက်သွားပြီ။ ကားလိပ်တွေလည်း များ။ တီးဝိုင်းတွေနဲ့၊ အော်ဂင်၊ စန္ဒရားတွေနဲ့၊ ဂီတာတွေနဲ့။ အဲဒီတော့ တိုးတက်တယ်ပဲ ပြောမလား၊ အနုပညာ ဆုတ်ယုတ်တယ်ပဲ ပြောမလား။ ဒါတွေတော့ မပြောတတ်ဘူး။”

မေး - အငြိမ့်ခန်းနဲ့ အငြိမ့်သဘင် ကွာခြားပုံလေး နည်းနည်းရှင်းပြပေးပါဦး။

ဖြေ - “အခုဟာက အငြိမ့် အငြိမ့်နဲ့။ အငြိမ့်ဆိုတာက အဖွဲ့အစည်းတခုကို ပြောတာဗျ။ ဘယ်သူ့အလှူက အငြိမ့်ပါတယ်ဟေ့၊ ဘယ်သူ့အလှူက အငြိမ့်အဖွဲ့ ပါတယ်လို့ မပြောဘူး။ အငြိမ့်ပြောရင် အငြိမ့်အဖွဲ့။ အငြိမ့်ခန်းဆိုတာသပ်သပ်။ အငြိမ့်ခန်းဆိုတာ… ခင်ဗျား မြို့မတီးဝိုင်း ငှားမယ်ဗျာ။ တီးဝိုင်းက သူ့အလှည့်ပြီးသွားတယ်၊ နောက်ဆုံး ဖျော်ဖြေတဲ့အစီအစဉ်နဲ့။ လူရွှင်တော် ၂ ယောက်၊ ဒါမှမဟုတ် ၃ ယောက်၊ မင်းသမီးနဲ့။ အဲဒီ ဖျော်ဖြေတဲ့အခန်းက အငြိမ့်ခန်း။ အငြိမ့် ဆိုတာက အဖွဲ့ကို ပြောတာ။ အငြိမ့်အဖွဲ့ဆိုရင် အော်ပရာ ပါရမယ်၊ ကျနော် ပြောတဲ့ ဖွဲ့စည်းပုံက အငြိမ့်ခန်းကရမယ်၊ အငြိမ့်ခန်းပြီးရင် ပြဇာတ်ကရမယ်။ အဲဒါ အငြိမ့်။ အငြိမ့် ဆိုတာက အငြိမ့်အဖွဲ့ကို ပြောတာ။ အငြိမ့်ခန်း ဆိုတာက လူရွှင်တော်နဲ့ မင်းသမီး ကလိုက်၊ ဆိုလိုက်၊ ပြက်လိုက်။ တီးဝိုင်းပြီးသွားရင် အငြိမ့်ခန်း။ အခု ရန်ကုန်မှာက အငြိမ့်ခန်း ခေတ်စားနေတာ။ အငြိမ့် မဟုတ်ဘူး။ အငြိမ့်ဆိုရင် အော်ပရာလည်း ပါရမယ်။ ကျနော်ပြောတဲ့ အငြိမ့်ခုံပေါ်မှာ ပတ္တလား ဘာညာ အဲဒါ အငြိမ့်အဖွဲ့။ အငြိမ့်ခန်း ဆိုတာ လူရွှင်တော်နဲ့ မင်းသမီး ကလိုက်၊ ပြက်လိုက်။ ဆိုင်းနဲ့ ကလည်း ရတယ်။ တီးဝိုင်းနဲ့ ကလည်း ရတယ် အငြိမ့်ခန်းက။ အငြိမ့် ဆိုတာက အငြိမ့်အဖွဲ့။ စကားအဖြစ် ပြောတယ်မဟုတ်လား။ ဘယ်သူပွဲမှာ အငြိမ့်ပါတယ်ဟေ့။  ဘယ်အလှူမှာ ဇာတ်ပါတယ်ဟေ့။ ဇာတ်အဖွဲ့လို့တောင် မပြောတော့ဘူး။ ဆိုင်းဘုတ်ရေးမှသာ ဇာတ်အဖွဲ့၊ အငြိမ့်အဖွဲ့။ ဘယ်သူ့မင်္ဂလာဆောင်တုန်းက အငြိမ့်ပါတယ်။ အငြိမ့်အဖွဲ့ ပါတယ် မပြောဘူး။”

မေး - အငြိမ့်သဘင်တွေ ပြန်လည်ရှင်သန်လာဖို့အတွက် အငြိမ့်လောက က ဘာတွေ ကြိုးစားအားထုတ်ဖို့ လိုအပ်လဲ။

ဖြေ - “အစိုးရဘက်ကလည်း ကူညီပံ့ပိုးပေးဖို့ လိုတယ်ဗျ။ ပွဲမိန့်ကို လွယ်လွယ်ကူကူ ပေးပါ။ တအားကြီး မချုပ်ကိုင်ပါနဲ့။ အငြိမ့်ရဲ့ လူဦးရေစာရင်းကို ကားဆွဲက အစ၊ ယိမ်းတွေကအစ မှတ်ပုံတင်နဲ့ သဘင်အစည်းအရုံး ဘာညာတွေနဲ့ ပေးရတာ ပွဲမိန့်ခံတဲ့အခါမှာ။ ဘာလိုလဲ။ ဒါ အကြမ်းဖက်အဖွဲ့လည်း မဟုတ်ဘူး။ ဖျော်ဖြေရေးအဖွဲ့ပဲ။ လူသိနေတာ။ ပြီးတော့ ခင်ဗျားက အလှူ့ဒကာဗျာ၊ ဘုရားလူကြီးဗျာ။ အငြိမ့်ငှားမယ်၊ ဇာတ်ငှားမယ်။ အဲဒီဘုရားပွဲမှာ လူသတ်မှုဖြစ်တယ်။ ခင်ဗျား တာဝန်ယူရမှာပဲ။ ဘာဆိုင်လဲ၊ ခင်ဗျားက ပွဲငှားတာပဲ၊ ဇာတ်ငှားတာပဲ။ ခင်ဗျားက အလှူ့ရှင်။ ပွဲခင်းမှာ လူသတ်မှုဖြစ်တာ ဒါ ရဲလုပ်ငန်း။ ဒါ ခင်ဗျားနဲ့ မဆိုင်ဘူး။ ခင်ဗျားကို တာဝန်ပေးတော့ ဘယ်သူက ငှားရဲမှာလဲ။ ဒါတွေလည်း ပါတယ်။ အဲဒီတော့ ရဲလုပ်ငန်းကို ရဲလုပ်ပါ။ ပွဲငှားတဲ့လူကို တာဝန်မပေးပါနဲ့။ ပွဲငှားတဲ့လူက ပွဲငှားတယ်။ ကြည့်တဲ့လူက ကြည့်တဲ့သူ။ ရန်ဖြစ်တာက ရန်ဖြစ်တာ။ တခြားစီပဲ။ အဲဒီတော့ ပွဲငှားတဲ့သူကို တာဝန်ပေးတာ၊ ခင်ဗျား ပွဲငှားရင်တော့ငှား၊ ပွဲဈေးမှာ လူသတ်မှုဖြစ်ရင်တော့ ခင်ဗျားတာဝန်ပဲ။ ဘာဆိုင်လဲ၊ အဲဒါ ရဲလုပ်ငန်း။ ဒါတွေက ဖယ်ရမှာ၊ ဖျောက်ရမှာ။ အဲဒါမှလည်း ငှားတဲ့သူက ငှားရဲမယ်။ ကြည့်တဲ့သူက ကြည့်ရဲမယ်။ အငြိမ့်ထောင်တဲ့သူက ထောင်ရဲမယ်။ အခုက အငြိမ့်ထောင်ဖို့ ငွေရှိရင်တောင် ခင်ဗျား စဉ်းစားရမှာ။ ဟိုက ကျပ်လိုက်၊ ဒီက ချုပ်လိုက်နဲ့။ အငြိမ့်နည်းသွားတာ အဲဒါတွေလည်း ပါတယ်။”

မေး - အဓိက က အငြိမ့်တွေ နည်းသွားတာနဲ့ပတ်သက်လို့ ဦးလူမော်ရဲ့ သုံးသပ်ချက်လေး ပြောပြပေးပါဦး။

ဖြေ - “အဲဒါကတော့ ခေတ်အခြေအနေအရ တိုးတက်တယ်ပဲ ပြောရမလား၊ ဟိုပစ္စည်းတွေ ဝင်လာ၊ ဒီပစ္စည်းတွေ ဝင်လာ။ မသုံးချင်ပေမယ့်လည်း သုံးရတာပဲ။ ခင်ဗျား အငြိမ့်ထောင်ပြီဆို အရင်းအနှီးတွေ တော်တော်များများ စိုက်ထားရတာ။ အဲဒီတော့ ပွဲငှားများများလာအောင်၊ လူငယ်တွေကြိုက်အောင်၊ စတိတ်ရှိုးမကြိုက်လည်း ခင်ဗျား စတိတ်ရှိုး သုံးရတော့မှာ။ အော်ဂင်မကြိုက်လည်း အော်ဂင် သုံးရတော့မှာ။ ဘောင်းဘီတိုလေးနဲ့ ထွက်ပြီး မကချင်လည်းပဲ ကရတော့မှာ။ လူငယ်တွေက ငှားတာကိုး။ အဲဒါတွေတော့ လိုတယ်။ သတ္တိလည်း လိုတယ်။ ပါပါလေး ရှိတုန်းကတော့ ပါပါလေးက သတ္တိကောင်းတယ်။ သက်ကြီး ဆိုလည်း ထောင်ခဲ့တာပဲ။ သက်ကြီးဆိုတာ ပတ္တလားနဲ့။ စတိတ်ရှိုးလည်း မသုံးဘူး။ ငှားတာပဲ။ ကရဲတဲ့သူလည်း ရှိတယ်။ သတ္တိလည်း လိုတယ်။”

မေး - မြန်မာ့ယဉ်ကျေးမှု အငြိမ့်သဘင်တွေက တချိန်တုန်းက မြန်မာလူထုကို ဘယ်လောက်အထိများ အကျိုးပြုခဲ့ပါလဲ။

ဖြေ - “အကျိုးပြုတာပေါ့။ ကျနော်တို့ငယ်ငယ် လူရွှင်တော်ဖြစ်ခါစ။ မန္တလေးမှာ နာမည်ကြီးတဲ့ လူရွှင်တော်တွေ အများကြီးပဲ။ သောင်းတန်၊ ဂျော်လီ၊ လိမ္မော် မြမန်း။ သူတို့က အဲဒီတုန်းက ပဘကခေတ်။ ပြည်သူ့ဆိုင်ခေတ်။ ဆားတွေ ဘာတွေ အခဲကြီးတွေ ခေတ်။ ဆားတွေ အခဲပါတာ ရောင်းတာကို လူရွှင်တော်တွေ ပြက်လုံးပြက်တယ်။ ပရိသတ် သိပ်သဘောကျတာ။ ဆီရှား၊ ဆန်ရှားတယ်။ ဒီလူရွှင်တော်တွေက ပြက်တော့ ပရိသတ်က သူတို့ခံစားချက်နဲ့ ညီတော့ သဘောကျတာပေါ့။ အဲဒီတော့ အငြိမ့်က ပြည်သူလူထု အကျိုးပြုတယ်။ အခုလည်း လူရွှင်တော်တွေ ပြက်တာပါပဲ။ ကျူရှင်ခ ဈေးကြီးတယ်ဗျာ။ ဝိုင်းကျူရှင်တွေ ဝိုင်းခတွေ ဈေးကြီးတယ်။ အငြိမ့်ခုံပေါ်က ပြက်တော့ ပရိသတ်က ခံစားချက်က တူနေတော့ သဘောကျတာပေါ့ဗျ။ အငြိမ့်က ပြည်သူကို အကျိုးပြုတယ်။ ဘာဖြစ်ပျက်နေလဲ။ ကျောင်းမှာ ပညာရေးဗျာ၊ နောက် ဆေးရုံ၊ ကျန်းမာရေးဗျာ၊ လူရွှင်တော်တွေက ဘာတွေ မြင်လဲ၊ ဘာတွေ ကြားထားလဲ။ ခုံပေါ်ရောက်ရင် အကုန်ပြက်တာပဲ။ ပြက်တော့ ပရိသတ်ကလည်း သဘောကျတာပဲ။ အဲဒီတော့ အငြိမ့် လူရွှင်တော်တွေက ပြည်သူတွေကို အကျိုးပြုပါတယ်။ ဘာလို့လဲဆိုတော့ မှားတာ မှန်သွားအောင်၊ ကောက်တာ ဖြောင့်သွားအောင် လုပ်ပေးတဲ့ သဘောပါပဲ။”

မေး - အဲဒီအငြိမ့်သဘင်မှာ ယဉ်ကျေးမှုအနေနဲ့ ဖျော်ဖြေသွားတာတွေမှာ လူထုအနေနဲ့ ဘာတွေလိုက်ပြီး အတုခိုးတာမျိုး ရှိလဲ။

ဖြေ - “မှားတာ၊ မှန်တာကို လူရွှင်တော် ပြက်တော့ ပရိသတ်ကလည်း သဘောကျ။ မှားတဲ့သူကလည်း ရှက်ပြီးတော့ နောက် မမှားရဲတော့ဘူးပေါ့ဗျာ။ အဲဒီတုန်းကတော့ ပဘကခေတ်၊ ပြည်သူ့ဆိုင်ခေတ်။ သမက တိုတာ လျှိုတာတွေ လူရွှင်တော်တွေက ပြက်ကြ။ အဲဒီတော့ ပြင်တဲ့သူလည်း ပြင်တယ်။ မပြင်တဲ့သူကလည်း ရှက်တော့ နောက် မလုပ်ရဲတော့ဘူး။ ဒီသဘော ပါပါတယ်။ အဲဒီတော့ လူရွှင်တော်က အရေးကြီးတယ်။ လူရွှင်တော် ၃ ယောက်ခေတ်ပေါ့ဗျာ။ လိမ္မော်၊ မြမန်း၊ ငွေတိုး၊ ချစ်ညို၊ ပေါက်စ… အဲဒီခေတ်ကို ပြန်သတိရတယ်။ ပြက်ရဲတယ်ပေါ့နော်။ အခုလည်း ပြက်ပါတယ် လူရွှင်တော်တွေ။ ပြက်ပေမယ့် အခုဟာက အခြေအနေ စောင့်ကြည့်နေတာ။ အခုလက်ရှိက အစိုးရသစ်ကိုဗျ။ မှားတာတော့ မရှိသေးဘူး။ မှားရင်တော့ လူရွှင်တော်က ပြက်မှာ။ လူရွှင်တော် ဆိုတာက မြင်တာကို ပြက်တာ။ ဘယ်သူ့မှ ချမ်းသာမပေးဘူး။ လူရွှင်တော် ဆိုတာက ကိုယ့်လူ၊ သူ့လူ မရွေးဘူး။ ဘယ်သူပဲ တက်တက်၊ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ်။ အဲဒါ အငြိမ့်လူရွှင်တော်။ လူရွှင်တော်မှန်ရင် ပြည်သူ့ဘက်က ရပ်တည်ရမယ်။ အစိုးရဘက်က မရပ်တည်ဘူး။ အဲဒါ အငြိမ့်လူရွှင်တော်။”

မေး - ကျနော်တို့ အခု မျက်မှောက်ခေတ် တိုးတက်လာတဲ့ခေတ်မှာ တီဗွီတွေမှာ အငြိမ့်တွေ ပေါ်လာတယ်။ ကကြ၊ ခုန်ကြတယ်။ အငြိမ့်နဲ့ပတ်သက်တာတွေ ဖျော်ဖြေလာတယ်။ အဲဒီဖျော်ဖြေလာတာတွေဟာ အငြိမ့်သဘင်ပေါ်မှာ ဘယ်လောက်အထိ ရိုက်ခတ်သွားနိုင်လဲ။

ဖြေ - “တီဗွီမှာလာတာ ကျနော် အားမရတာက ဝတ်စားဆင်ယင်မှုပေါ့ဗျာ။ မင်းသမီးဆိုရင် ဆံထုံးပါမယ်ဗျာ၊ ဒီက ဆံမြိတ်ပါရမယ်။ အခုဟာက ပန်းဆံမြိတ်နဲ့ ဘာနဲ့။ အဲဒါက မင်္ဂလာဆောင်မှာ သုံးတာဗျ။ အလှဖန်တီးရှင်တွေက ခြယ်လှယ်ပေးတာ။ အငြိမ့်မင်းသမီးဒီဇိုင်း ပျောက်သွားတယ်။ ထဘီဗျာ၊ ဘာဒီဇိုင်းဝတ်ဝတ်။ ထဘီအနား အဖြူဖြစ်တာက ပိုကောင်းတယ်။ ကျနော်တို့ ကြည့်လိုက်ရတာက မန္တလေးအငြိမ့် ရွှေခေတ်ပေါ့ဗျာ။ အငြိမ့်မင်းသမီးမှန်ရင် ထဘီအနားက အဖြူပဲ။ ဘာကာလာမှ မရှိဘူး။ အခုက အစိမ်းတွေ၊ အနီတွေ၊ အပြာတွေ၊ အဝါတွေ။ ဒါလေးတွေက အမြင်မတော်ဘူးပေါ့ဗျာ။ သူဆို့က ဆံမြိတ်ပျောက်တာ။ မင်းသမီးက ဆံမြိတ်ပါရမယ်။ ဆံထုံးနဲ့ ဆံမြိတ်နဲ့။ အခုက ပန်းဆံမြိတ်၊ ပန်းတွေချည်းပဲ။ အဲဒါ သတို့သမီးတွေ သုံးတာ။ အငြိမ့်မင်းသမီး မဟုတ်ဘူး၊ ဇာတ်မင်းသမီးမ သုံးဘူး။ ဒါပေမယ့် ခုက သုံးနေတော့ ပြောရတာ ခက်တယ်။ ပြောရင်တော့ ကျနော့်ကို မုန်းကြမှာပဲ။ မုန်းလည်း မတတ်နိုင်ဘူး။ အမြင်မတော်ဘူး။”

မေး - အရင်တုန်းကလို အငြိမ့်ခေတ် ပြန်ခေတ်စားလာတာ လက်ရှိအငြိမ့်အနေနဲ့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုလဲ။

ဖြေ - “ပြုပြင်ပြောင်းလဲဖို့ဆိုရင် လူရွှင်တော် ပြန်လျှော့ဗျာ အငြိမ့်ဆိုရင်။ ရှေးခေတ်အငြိမ့် ဖော်ထုတ်မယ်ဆိုရင် လူရွှင်တော်က ၅ ယောက်လည်း မလုပ်နဲ့။ ၆ ယောက်လည်း မလုပ်နဲ့။ ၃ ယောက်ပဲ။ ကျနော်တို့ မီတာ။ ကျနော်တို့ ၂ ယောက်ခေတ် မမီဘူးဗျာ။ ၃ ယောက်ခေတ်။ မင်းသမီးက ၂ ယောက်က။ ခေါင်းဆောင်နဲ့ ရှေ့ထွက်ရယ် ၂ ယောက်။ အငြိမ့်ခန်းပြီးသွားရင် ပြဇာတ်အတိုအထွာက။ အငြိမ့်ခန်း မကခင်မှာ အော်ပရာလေးက။ မြို့ပေါ်ဆို ၁ နာရီခွဲ ၂ နာရီ သိမ်း။ အဲဒါ အငြိမ့်ပဲ။ တောမှာကျတော့ နောက်ပိုင်းက။ ဒါ အငြိမ့်ပဲ။ အငြိမ့်ခန်း မဟုတ်ဘူး။ အငြိမ့်အဖွဲ့။ ခင်ဗျား သတ္တိရှိရင် အငြိမ့်ထောင်လို့ရတယ်။ ကြေညာလိုက်။ ပတ္တလားနဲ့ အငြိမ့်ထောင်မယ်။ ရှေးမူလို့ မပြောဘူး။ ခေတ်ဟောင်းအငြိမ့်ပေါ့ဗျာ။ ၁၉၆၀၊ ၁၉၆၅ ခေတ်က အငြိမ့်။ ကျနော်တို့မီခဲ့တဲ့ အငြိမ့်ပေါ့။ လူရွှင်တော် ၃ ယောက်ခေတ်။ မင်းသမီး ကတာ ၂ ယောက်။ ယိမ်းက ၃ ယောက်။ ပေါင်း ၄ ယောက်၊ ၅ ယောက်ပေါ့ဗျာ။ ကတာက ၂ယောက်။ ခေါင်းဆောင်၊ ရှေ့ထွက်။ အခုက ဘာပြောပြော အငြိမ့် အငြိမ့် ဆိုပြီး အငြိမ့်လည်း မဟုတ်ဘူး။ အငြိမ့်ခန်းတွေ။ အော်ပရာလည်း မပါ၊ ပြဇာတ်လည်း မပါ။ စတိတ်ရှိုးတွေ။ အဲဒါ အငြိမ့်ခန်းတွေ။ အဲဒါလေးတွေ ပျောက်သွားတာ နှမြောတယ်။ လူရွှင်တော်တွေလည်း များလွန်းအားကြီးတယ်။ ဇာတ်တောင် အဲဒီလောက် မများဘူး။ ကျနော်တို့မီခဲ့တဲ့ဇာတ် ရွှေမန်းတင်အောင်၊ ရွှေမန်းကျော်အောင်၊ မြို့တော်သိန်းအောင်၊ ၆ ယောက် ဒါပဲ။ အခုက အငြိမ့်သာ ပြောလို့၊ လူရွှင်တော်က ၁၀ ယောက်လောက် ခွေထဲမှာ ကြည့်ရတာ။ တခါတလေ ၁၀ ယောက်ကျော်နေတယ်။ အဲဒါက အငြိမ့်မဟုတ်ဘူး။ ညွန့်ပေါင်းကတာ ဖြစ်ရင်ဖြစ်မယ်။ ညွန့်ပေါင်းအဖွဲ့ပဲ ခေါ်မယ်။ အငြိမ့်အဖွဲ့ မဟုတ်ဘူး။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013