DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းရှောင် ပြည်သူများ အိမ်ပြန်ပြီ
DVB
·
October 26, 2016
မုန်တိုင်းရှောင် ပြည်သူများ အိမ်ပြန်ပြီ
Donate to DVB

 

မုန်တိုင်းငယ်အန္တရယ်ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက  လပွတ္တာမြို့ပေါ် ခိုလှုံလာခဲ့ကြတဲ့ လပွတ္တာ မြို့နယ်က ပြည်သူတွေ ဒီကနေ့မှာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီစဉ်နဲ့ အိမ်ပြန်နေ ကြပြီဖြစ်ပါတယ်။

မုန်တိုင်းငယ်ရဲ့အန္တရာယ်စိုးရိမ်မှုကြောင့် အောက်တိုဘာ ၂၃ ရက်နေ့က ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင်းကကျေးရွာ ၁၅ ရွာလောက်က လူပေါင်း ၃၀၀၀ ကျော် လပွတ္တာမြို့ပေါ် တိမ်းရှောင်လာခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မနက် ၆ နာရီကစလို့ အစိုးရဘက်က ပြန်ဖို့ ကားတွေစီစဉ်ထားသလို ရေလမ်းခရီး အတွက်လည်း ရေယာဉ်တွေစီစဉ်ပေးထားတယ်လို့ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရှောင်က ပြောပါတယ်။

“ဒီနေ့ကျနော်တို့ ဒီဒုက္ခသည်တွေကို ကုန်းတွင်းလိုင်းဆိုရင် ကား ၃ စီးနဲ့ ကျနော်တို့ ပို့ပါတယ်။ အဲဒါကို ကားတစီးကို ဆီဖို့ ၃ သောင်းနှုန်းနဲ့ ကျနော်တို့ ပို့ပါတယ်။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကနေ အကုန်ကျခံပြီး ပို့ပါတယ်။ နောက်တခါ ကျနော်တို့ရေဆိပ်တွေမှာ ပင်လယ်ဘက်က လာတဲ့လူတွေပေါ့။ အဲဒီဟာအတွက် ကျနော်တို့ စက်လှေ လိုင်း ၇ လိုင်း ရေယာဉ်လိုင်းနဲ့ ကျနော်တို့ ပို့ပါတယ်။ အဲဒါတွေလည်း သူရဲ့ လိုင်းပေါ် မှာရှိတဲ့ ဆီကုန်ကျ စရိတ်တွေ ကျနော်တို့က ပေးပါတယ်။ တချိုက ကိုယ်ပိုင်းလိုင်းတွေမှာပါသွားတယ် ဆိုရင်လည်း မုန်တိုင်းရှောင်သူတွေကို လုံးဝပိုက်ဆံမတောင်းပါနဲ့ဆိုပြီး သူတို့ကို အခမဲ့ ပို့ပေးပါတယ်။ ကျနော်တို့က အဲဒီလိုင်းသမား တွေကို ဆီပေးလိုက်တယ်။ ခရီးစဉ်အနီးအဝေး ပေါ်မူတည်ပြီး ကုန်ကျဆီ ကို ကျနော်တို့က ပေးလိုက်တယ်။”

ရာသီဥတုအခြေအနေအရ ဒီကနေ့မှသူတို့ကိုပြန်ပို့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာဆိုရင်ပြန်သွားသူ တထောင်ကျော်ပြီလို့လည်း ဦးလှရှောင်က ပြောပါတယ်။

အလားတူ ဟိုင်းကြီးကျွန်းမြို့ပေါ် ခိုလှုံလာတဲ့လူထုတွေကိုလည်း မနေ့ကတည်းက အိမ်ပြန်သွား ကြပြီဖြစ်တယ်လို့ ဟိုင်းကြီးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးက ပြောပါတယ်။

“မနေ့မနက် ၆ နာရီလောက်ကစပြီးပြောင်းရွှေ့ကြတာ ညနေ ၂ နာရီအထိပေါ့။ မုန်တိုင်းရှောင်တဲ့သူ ပြည်သူတွေအားလုံး ကိုယ့်အိမ်ကိုယ်ပြန်သွားကြပြီးပါပြီ။”

ဟိုင်းကြီးကျွန်းမြို့နယ် ကျေးရွာအုပ်စု ၁၁ အုပ်စုက ကျေးရွာပေါင်း ၃၇ ရွာက ရွာသူရွာသား ၁၆၃၁၁ ဦး ပြီးခဲ့တဲ့ ၂၃ ရက်နေ့က ဟိုင်းကြီးကျွန်းမြို့ပေါ် ခိုလှုံလာခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013